ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည့် ဆန်စက်ပိုင်ရှင်အား တပ်မတော်မှ ပြန်ခေါ်သွားကြောင်း မိသားစု ဝင်များပြော

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဖမ်းဆီးခံထားရသည့် ဆန်စက်ပိုင်ရှင်အား ရဲစခန်းသို့ လွှဲပြောင်းထားပြီးနောက် ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) ညနေ ၃ နာရီခန့်တွင် တပ်မတော်မှ ပြန်လည် ခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

By အောင်ထိန် 11 Sep 2020

အောင်ထိန် | DMG
စက်တင်ဘာ ၁၁ ၊ ပုဏ္ဏားကျွန်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဖမ်းဆီးခံထားရသည့် ဆန်စက်ပိုင်ရှင်အား ရဲစခန်းသို့ လွှဲပြောင်းထားပြီးနောက် ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) ညနေ ၃ နာရီခန့်တွင် တပ်မတော်မှ ပြန်လည် ခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယင်းဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်း (၄၈)နှစ်၏ ဆန်စက်ရုံမှ ဆန်အိတ်များတွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းစရာ ရှိသည်ဟုဆိုကာ သြဂုတ်လ ၃၁ ရက်နေ့တွင် တပ်မတော်ကဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု မိသားစုဝင် များထံမှ သိရသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဦးရဲကျော်ထွန်း၏နေအိမ်၌ အေအေအဖွဲ့ရိက္ခာအတွက် သိုလှောင် ထားသည့် ဆန်အိတ် ၈၀ အား သိမ်းဆည်းရမိခဲ့သည်ဟု စက်တင်ဘာလ ၁ ရက်နေ့ကထုတ်ပြန်ခဲ့သည်။ ယင်းကိစ္စမှာ စွပ်စွဲချက်သာဖြစ်ကြောင်း မိသားစုဝင်များကဆိုသည်။

ဖမ်းဆီးထားသည့် ဦးရဲကျော်ထွန်းအား တပ်မတော်က တစ်ရက်ကျော်ကြာစစ်ဆေးမေးမြန်ပြီး စက်တင်ဘာလ ၂ ရက်နေ့တွင် စစ်တွေမြို့ အမှတ်(၁)ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

ယင်းနောက် ရဲစခန်းတွင်တစ်ပတ်ခန့် ထိန်းသိမ်းထားကာ စက်တင်ဘာလ ၁၀ ရက်နေ့တွင် စစ်ဆေးမေးမြန်းစရာ ကျန်ရှိသေးသည်ဟုဆိုကာ တပ်မတော်မှ ပြန်လည်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဦးရဲကျော်ထွန်း၏ ညီဖြစ်သူ ကိုကျော်ခိုင်က ပြောသည်။

“ကျွန်တော်တို့ ဒီနေ့မနက်ပိုင်းက စားစရာတွေသွားပို့တော့။ ကျွန်တော်အစ်ကိုကို စစ်တပ်ကပြန်ခေါ်သွားတယ်လို့ ရဲစခန်းကသိခဲ့ရတယ်။ အခုလို ပြန်ပြီးခေါ်သွားတယ်ဆိုတော့ ကျွန်တော်တို့ အရမ်းစိုးရိမ်တယ်။ အသက် အန္တရာယ်ကိုလည်း စိုးရိမ်တယ်” ဟု ကိုကျော်ခိုင်က ဆိုသည်။

လက်ရှိမှာ ဦးရဲကျော်ထွန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)ဖြင့် အမှုဖွင့်လှစ် ထားကြောင်းနှင့် ၎င်းအား ဥပဒေနှင့်အညီဆောင်ရွက်ပေးစေလိုကြောင်း မိသားစုဝင်များက တောင်းဆိုကြသည်။

လက်ရှိမှာ ၎င်းအားမည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို တစ်စုံတရာမသိရှိရသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

တပ်မတော်မှ ဆန်စက်ပိုင်ရှင်အား ပြန်လည်ခေါ်ဆောင်သွားသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ရခိုင်ပြည်နယ်အတွင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျောင်းသားသမဂ္ဂများက တောင်းဆိုထားကြသည်။

ဗီဒီယိုများ