အောင်ဆီဂျင်ကိစ္စ အပြုသဘောမဆောင်သည့် ရေးသားချက်များကို လက်မခံဟု ရခိုင်စစ်ကောင်စီ ပြန်ကြားရေးပြော

လက်ရှိတွင် မြောက်ဦးကလွဲပြီး ရခိုင်ပြည်အတွင်း အောက်ဆီဂျင်စက်ရုံများ မတည်ဆောက်နိုင်သေးသည့် အချိန်တွင် ရခိုင်ပြည်နယ်စစ်ကောင်စီကပဲ စီမံခန့်ခွဲနေရသည့်အတွက် အပြုသဘောမဆောင်သည့် ရေးသားချက်များကို လက်မခံဟု ရခိုင်စစ်ကောင်စီ၏ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက သူ၏ ပြန်ကြားရေးဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာမှ ပြောကြားလိုက်သည်။

23 Jul 2021

ဓါတ်ပုံ - သိကြား စေချင် ငွေသဇင်

DMG ၊ ဇူလိုင် ၂၃

လက်ရှိတွင် မြောက်ဦးကလွဲပြီး ရခိုင်ပြည်အတွင်း အောက်ဆီဂျင်စက်ရုံများ မတည်ဆောက်နိုင်သေးသည့် အချိန်တွင် ရခိုင်ပြည်နယ်စစ်ကောင်စီကပဲ စီမံခန့်ခွဲနေရသည့်အတွက် အပြုသဘောမဆောင်သည့် ရေးသားချက်များကို လက်မခံဟု ရခိုင်စစ်ကောင်စီ၏ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက သူ၏ ပြန်ကြားရေးဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာမှ ပြောကြားလိုက်သည်။

ဦးလှသိန်း၏ ပြန်ကြားရေးဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ယခုလို ရေးသားဖော်ပြထားသည်။

“ တောင်ကုတ်၊ သံတွဲ၊ ဂွဆေးရုံတွေအတွက် ယနေ့အထိ သုံးစွဲနေ့တဲ့ အောက်ဆီဂျင်တွေကို ပြည်နယ်ကောင်စီက ဦးဆောင်စီမံနေတာပါ။ အဲဒီဒေသမှာ ခုထိ အောက်ဆီဂျင် လုံးဝ မထွက်သေးပါ။ ပြည်နယ်ကောင်စီက အောက်ဆီဂျင် အိုးတွေ လတ်တလော လိုအပ်ချက်တွေ စီမံနေရတာကြောင့် ပုဂ္ဂလိကအဖွဲ့တွေက ဆောက်မည့် အောက်ဆီဂျင်ထဲက လတ်တလော ထွက်မည့် မြောက်ဦးနဲ့ ညှိပြီး ရခိုင်လူမျိုး လူနာများအတွက် စီမံခန့်ခွဲတာကို အပြုသဘောမဆောင်တဲ့ ရေးသားချက်တွေကို လက်မခံပါ။ ” ဟု ရေးသားထားသည်ကို တွေ့ရသည်။

ရခိုင်တွင် အောက်ဆီဂျင်လိုအပ်ချက် တစ်နေ့ အိုးကြီး ၁၀၀ ရှိကြောင်း၊ စစ်တွေဆေးရုံကြီးတွင် တစ်နေ့ အိုးကြီး ၆၀ ထွက်ရှိပြီး တစ်နေ့ကို အသုံး ၁၅၀ ခန့်ရှိနေ၍ ကျန်သည့် အိုး ၉၀ ကို ပြည်နယ်စစ်ကောင်စီက စီမံပေးနေကြောင်း ဖော်ပြထားသည်။

“ မောင်တော၊ ကျောက်တော် တစ်နေ့ အလုံး ၂၀ လိုအပ်ပါတယ်။ တစ်ပတ် ၁၀ ရက်အတွင်း ဘယ်စက်ရုံမှ နောက်ထပ် လည်ပတ်နိုင်ဦးမှာ မဟုတ်ပါ။ ပြည်နယ်ကောင်စီက နပခနဲ့ ပူးပေါင်းပြီး ရခိုင်ပြည်နယ် အောက်ဆီဂျင် မပြတ်ရေး ဆောင်ရွက်နေတာကတော့ ဘယ်သူ ဘာပြောပြော စေတနာအပြည့် တာဝန်ယူမှုနဲ့ လုပ်နေတာပါ။ အမြော်အမြင်ရှိသူတွေ သဘောပေါက် ပူးပေါင်းပါဝင်နေကြပါတယ်။ ” ဦးလှသိန်းက သူ၏ ပြန်ကြားရေးစာမျက်နှာတွင် ရေးထားသည်။

ပလက်ဝနှင့် ရခိုင်က မြို့နယ် ၁၇ ခုတွင် ဇူလိုင်လ ၂၂ ရက်နေ့ စာရင်းအရ အောင်ဆီဂျင်အသုံးပြုလူနာ ၂၁၈ ဦးရှိကြောင်း၊ အောက်ဆီဂျင်အသုံးပြုမှုမှာ ၄၀ လီတာ ၃၃၆ အိုး အသုံးပြုခဲ့ကြောင်း၊ ယင်းမြို့နယ်များအလိုက် ကျန်ရှိနေသေးသည့် အောက်ဆီဂျင်များမှာ ၄၀ လီတာ ၂၁၆ အိုးနှင့် ၁၀ လီတာ ၂၀ အိုး ကျန်ရှိနေသေးကြောင်း၊ သို့သော် ကျောက်တော်ဆေးရုံတွင် အောက်ဆီဂျင်လုံလောက်မှုမရှိ၍ မြောက်ဦးစက်ရုံက ဖြန့်ခွဲပေးသွားမည်ဟု ရခိုင်စစ်ကောင်စီ၏ စာရင်းဇယားအရ သိရသည်။

ဇူလိုင် ၂၂ ရက်နေ့တွင် အောက်ဆီဂျင်ထုတ်လုပ်ခဲ့သည်မှာ စစ်တွေပြည်သူ့ဆေးရုံတွင် ၅၀ အိုး၊ ကျောက်ဖြူပြည်သူ့ဆေးရုံတွင် ၄၁ အိုး၊ မောင်တောပြည်သူ့ဆေးရုံတွင် ၃ အိုး၊ စစ်တွေစစ်ဆေးရုံတွင် ၁၈ အိုး၊ အမ်းစစ်ဆေးရုံတွင် ၁၆ အိုး၊ မြောက်ဦးစက်ရုံတွင် ၃၅ အိုး၊ အမှတ် (၂) သံမဏိစက်ရုံ (မြောင်းတကာ) တွင် ၆၆ အိုး စုစုပေါင်း ၂၂၉ အိုးထုတ်လုပ်နိုင်ခဲ့ပြီး ယင်းနေ့ ဖြန့်ခွဲမှုမှာ အရန် ၁၀ လုံးအပါအဝင် ၂၅၄ အိုးကို မြို့နယ်များအလိုက် ဖြန့်ဝေခွဲပေးခဲ့ကြောင်း ရခိုင်စစ်ကောင်စီ၏ စာရင်းဇယားတွင် ဖော်ပြထားသည်။

မာန်အောင်မြို့တွင် ဇူလိုင်လ ၂၂ ရက်နေ့က အောက်ဆီဂျင်ပေး ကုသနေရသည့် ကိုဗစ်အတည်ပြုလူနာတစ်ဦး အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးသွားခဲ့ရသည်ဟု မာန်အောင်မြို့ စေတနာရှင်လူမှုကူညီရေးအသင်း (နာရေး) ဥက္ကဌ ဦးကျော်မိုးနိုင်က DMG သို့ ပြောဆိုထားသည်။

မြောက်ဦးတွင် နန်းရိပ်ကရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့မှ ထုတ်လုပ်နေသည့် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များကို ပြည်သူ့ဆေးရုံသို့သာ ဖြန့်ဖြူးရန်ဟု ရခိုင်စစ်ကောင်စီ တောင်းဆိုချက်နှင့် ပတ်သက်ပြီး ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာများတွင် ပြည်သူအချို့က မြောက်ဦးက အောက်ဆီဂျင်များကို စစ်ကောင်စီထိန်းချုပ်နေပြီလားဆိုသည့် ပြစ်တင်ဝေဖန်မှုများကို တွေ့ရသည်။

ယင်းကိစ္စရပ်နှင့် ပတ်သက်ပြီး စစ်တွေမြို့ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီဝင် ဦးဇော်ဇော်ထွန်းက သူ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ယခုလို ရေးသားထားသည်။

“ပြည်သူလူထုအားနဲ့ စီစဉ်နေတဲ့ အောက်ဆီဂျင် စက်ရုံက ထွက်ရှိလာတဲ့ အောက်ဆီဂျင်ကို ဆေးရုံ၊ ဆေးခန်းတွေကို ပေးရမယ်ဆိုတာ လက်မခံနိုင်စရာ တစ်ခုမှ မရှိ။ ကျနော်တို့ပြောနေတာက ဆေးရုံမှာ အောက်ဆီဂျင်လက်ခံတဲ့ ဌာနဖွဲ့၊ ယင်းဌာနက လူနာတွေမှာ အောက်ဆီဂျင်လိုအပ်လာရင် ပြည်သူ့စက်ရုံတွေကို အကြောင်းကြား၊ ပြည်သူ့စက်ရုံတွေက အချိန်မီသွားပို့။ ဒီလို ရှင်းရှင်း မြန်မြန်လေး လုပ်ရင် မရလား။ အခုဆေးရုံတွေမှာ ဖြစ်နေတာက ကြားသိရသလောက် အောက်ဆီဂျင်မရှိ ဆိုတာထက် စီမံခန့်ခွဲမှုမှာ အားနည်းလို့၊ တင်ပြချက် အဆင့်ဆင့်၊ ညွှန်ကြားချက် အဆင့်ဆင့် မရှင်းမလင်း၊ လိုအပ်စွာထက် ကြန့်ကြာနေလို့ ဆိုတယ်” ဟု ရေးသားဖော်ပြထားသည်။

မြောက်ဦးအောက်ဆီဂျင်စက်ရုံကို ပိုင်ဆိုင်သည့် နန်းရိပ်ကရုဏာအဖွဲ့ကတော့ စစ်ကောင်စီထိန်းချုပ်ခွင့်ကို လုံးဝလက်ခံမည်မဟုတ်ကြောင်း တာဝန်ရှိသူများက မီဒီယာများသို့ ပြောကြားထားသည်။

ပေါက်တော၊ မောင်တော၊ ဘူးသီးတောင်တို့တွင် ပြည်သူများမှ တည်ဆောက်ကြမည့် အောက်ဆီဂျင်စက်ရုံမှ ထွက်ရှိလာသည့် အောက်ဆီဂျင်များကို ရခိုင်ပြည်နယ် စစ်ကောင်စီ၏ ထိန်းချုပ်ခွင့်ကို လက်ခံမှာမဟုတ်ဘဲ အကူအညီတောင်းခံမှုအပေါ်မှာသာ ဌာန၊ အဖွဲ့အစည်းနှင့် လူမျိုးဘာသာမခွဲခြားဘဲ ထောက်ပံ့ကူညီပေးသွားမည်ဟု တာဝန်ရှိသူများက DMG သို့ ပြောဆိုထားကြသည်။

ဗီဒီယိုများ