စပါးရိတ်သိမ်းရေး အစိုးရအကူအညီပေးရန် တိုက်တွန်းကြောင်းအဆို ရခိုင်လွှတ်တော်အတည်ပြု

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားနေမှုမှာ တဖြည်းဖြည်းပြင်းထန်လာသောကြောင့် စပါးရိတ်သိမ်းရန် အခက်အခဲရှိနေသကဲ့သို့ လုပ်သားရှားပါးခြင်း၊ ရိတ်သိမ်းခြွေလှည့်စက် မလုံလောက်ခြင်းတို့ကြောင့်လည်း စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်ပေါ်နေသည်ဟု မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

By အောင်ထိန် 03 Jan 2020

အောင်ထိန် | DMG
ဇန်နဝါရီ ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံတောင်သူလယ်သမားများအနေဖြင့် အချိန်မီစပါး ရိတ်သိမ်းရန်နှင့် ရိတ်သိမ်းပြီးသောစပါးများကို အချိန်မီသိုလှောင်ထားရန် အခက်အခဲဖြစ်ပေါ်နေသည်များကို ပြေလည်စေရန် ပြည်နယ်အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးရေး တိုက်တွန်းကြောင်းအဆိုကို ဇန်နဝါရီလ ၂ ရက်နေ့က ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်သည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားနေမှုမှာ တဖြည်းဖြည်းပြင်းထန်လာသောကြောင့် စပါးရိတ်သိမ်းရန် အခက်အခဲရှိနေသကဲ့သို့ လုပ်သားရှားပါးခြင်း၊ ရိတ်သိမ်းခြွေလှည့်စက် မလုံလောက်ခြင်းတို့ကြောင့်လည်း စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်ပေါ်နေသည်ဟု မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တစ်မြို့နယ်ကို ရိတ်သိမ်းခြွေလှည့်စက် တစ်စီးစီထုတ်ပေးထားပေမယ့် အဲဒီစက်တွေမှာ စက်ချွတ်ယွင်းသွားတာကြောင့် ယနေ့တိုင် မရိတ်သိမ်းနိုင်တာတွေ ရှိနေပါသေးတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် တစ်ချို့လယ်သမားများမှာ ရိတ်သိမ်းပြီးသော စပါးများကို မိမိကျေးရွာများတွင် သိုလှောင်ထားရန် စီစဉ်ထားကြသော်လည်း တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ရွာကစွန့်ခွာထွက်ပြေးလာရသဖြင့် စပါးသိုလှောင်ထားမည့်အစီအစဉ် အဆင်မပြေပေ။ စစ်ဘေးရှောင်စခန်းများတွင်လည်း သိုလှောင်မည့်နေရာမရှိသောကြောင့် အခက်အခဲများဖြစ်ပေါ်နေရသည်ဟုလည်း ၎င်းကဆက်လက်ပြောသည်။

“ထွက်ရှိလာတဲ့ စပါးတွေကို ရောင်းချဖို့လည်း စပါးတောင်း(၁၀၀)ကို တစ်သိန်းဝန်းကျင်ပဲ ရရှိတဲ့အတွက် စရိတ်ကိုပင်မကာမိပါ” ဟု ဦးထွန်းသာစိန်က ဆိုသည်။

ထို့ကြောင့် တောင်သူလယ်သမားများ၏ အခက်အခဲကို အစိုးရအနေဖြင့် ကူညီဆောင်ရွက်ပေးရန်လိုအပ်ပြီး ကူညီဆောင်ရွက်ပေးမှု နှောင့်နှေးကြန့်ကြာလျှင် အငတ်ဘေးကြီး ကြုံတွေ့လာနိုင်သည်ဟု ၎င်းကဆက်လက်ပြောသည်။

“နောက်ဆက်တွဲအနေနဲ့ မငြိမ်မသက်မှုတွေ၊ ဆူပူအုံကြွမှုတွေ မဖြစ်ပေါ်နိုင်လို့ ဘယ်သူမှမပြောနိုင်ပါ။ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ကြုံတင်တွက်ဆပြီး လိုအပ်တဲ့အစီအမံတွေ စတင်ဆောင်ရွက်သင့်နေပြီဆိုတာကို လွှတ်တော်ဥက္ကဋ္ဌကြီးက တစ်ဆင့် တိုက်တွန်းချင်ပါတယ်” ဟု ဦးထွန်းသာစိန်က ဆိုသည်။

မြောက်ဦးမြို့နယ်၊ လင်းမြွေတောင်ကွင်းရှိ လယ်(၂)ဧကမှ စပါးများကို တောင်ဦးကျေးရွာနေ ပိုင်ရှင် ဦးကျော်လှစိန်က ရိတ်သိမ်းရန်သွားရောက်သည့်အခါ လင်းမြွေတောင်အနီးတွင် တပ်စွဲနေသော တပ်မတော်စစ်ကြောင်းက တားဆီးသဖြင့် ယခုအချိန်ထိ မရိတ်သိမ်းရသေးကြောင်းလည်း ၎င်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။

ယင်းအဆိုကို ဒီဇင်ဘာလ (၃၀)ရက်နေ့က ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကန့်ကွက်သူမရှိသောကြောင့် ဇန်နဝါရီလ (၂)ရက်နေ့တွင် အတည်ပြုခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ခန့်ကြာမြင့်လာနေပြီး တိုက်ပွဲဖြစ်ပွားရာဒေသများမှာ ရိတ်သိမ်းရန်အခက်အခဲဖြစ်နေသည့် စပါးဧက စုစုပေါင်း (၁၂၀၀၀) ကျော်ထိရှိနေသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂထံက သိရသည်။

ဗီဒီယိုများ