ရခိုင်တောင်ပိုင်းတွင် အုပ်ချုပ်ရေးမှူးနှင့်ဒေသခံတချို့ကို AA နှင့်ဆက်စပ်မှု ရှိ၊မရှိ စစ်တပ်ကခေါ်စစ်

ပြည်နယ်တွင်း ရက္ခိုင့်တပ်တော်(AA) သြဇာလွှမ်းမိုးမှုရှိလာသည်နှင့်အမျှ စစ်ကောင်စီကလည်း ၎င်းတို့အာဏာ တည်မြဲရေးအတွက် အသည်းအသန်ကြိုးပမ်းလျက်ရှိရာ ဒေသခံများ၊အုပ်ချုပ်ရေးမှူးများကို AA နှင့်ဆက်သွယ်မှု ရှိ၊မရှိ စစ်ဆေးမှုများဆက်တိုက်ရှိနေပြီး ယခုရက်ပိုင်းတွင်လည်း ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့တွင် ယင်းသို့စစ် ဆေးမှုများရှိခဲ့သည်။

15 Mar 2022

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်တွင် တာဝန်ချထားသော မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များကို ၂၀၂၁ ခုနှစ်က တွေ့ရစဉ်။

DMG ၊ မတ်လ ၁၅

ပြည်နယ်တွင်း ရက္ခိုင့်တပ်တော်(AA) သြဇာလွှမ်းမိုးမှုရှိလာသည်နှင့်အမျှ စစ်ကောင်စီကလည်း ၎င်းတို့အာဏာ တည်မြဲရေးအတွက် အသည်းအသန်ကြိုးပမ်းလျက်ရှိရာ ဒေသခံများ၊အုပ်ချုပ်ရေးမှူးများကို AA နှင့်ဆက်သွယ်မှု ရှိ၊မရှိ စစ်ဆေးမှုများဆက်တိုက်ရှိနေပြီး ယခုရက်ပိုင်းတွင်လည်း ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့တွင် ယင်းသို့စစ် ဆေးမှုများရှိခဲ့သည်။

အင်အား ရ၀ ခန့်ပါဝင်သည့် မြန်မာစစ်တပ်သည် မတ်လ ၁၃ ရက်နေ့က လေးတောင်မြို့သို့ရောက်ရှိလာပြီး အမှတ်(၄)ရပ်ကွက်ရှိ သရက်ချိုဘုန်းကြီးကျောင်းတွင် တပ်စခန်းချထားသည်။ မတ်လ ၁၄ ရက်နေ့တွင် အမှတ်(၄) အုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံတစ်ချို့ကိုခေါ်ယူပြီး စစ်ဆေးခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

“သူတို့ကို AA နဲ့ ဆက်စပ်မှုရှိသလားဆိုပြီးတော့ ၂ နာရီကြာလောက် စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရတယ်။ ကျန်တာတော့ ဘာမှမလုပ်ဘူး။ ဒါပေမဲ့ အခုတစ်ခေါက် တပ်ကဝင်လာတာ အရင်တုန်းကနဲ့မတူဘဲ စစ်ဆေးမေးမြန်းတာရှိတော့ ပြည်သူတွေအနေနဲ့ စိုးရိမ်နေကြတယ်”ဟု ၎င်းကပြောသည်။

စစ်ဆေးခံခဲ့ရသူတစ်ဦးကို DMG က ဆက်သွယ်မေးမြန်းရာတွင် ကနဦးမှာ အိမ်ခြေ၊ လူဦးရေစာရင်းများကို စစ်ဆေးခဲ့သော်လည်း နောက်ပိုင်းတွင် ULA အဖွဲ့ဝင် မည်မျှရှိကြောင်း၊ အခွန်ကောက်ခံသည့်ကိစ္စများကို မြန်မာစစ်တပ်က မေးမြန်းခဲ့သည်ဟုဆိုသည်။

“ULA အဖွဲ့ဝင် ဘယ်လောက်ရှိလဲ။ သူတို့က တရားဝင်မဟုတ်ဘူး။ အဲဒီအဖွဲ့ကိုမကူညီဖို့ အခွန်ကောက်ရင် ပြည်သူတွေ နှစ်ဖက်ကုန်ကျတယ်၊ဘာညာပေါ့။ အဲဒါကြောင့် အဖွဲ့ဝင်မှနုတ်ထွက်ဖို့ကိုပြောတယ်။ ကျနော်လည်း လက်ရှိ ULA မှာလုပ်နေတာကို အမှန်အတိုင်းပြောလိုက်တယ်။ အဖွဲ့ဝင်တွေအထဲက လူနည်းနည်း နာမည်ကိုလည်း ပြောလိုက်ရတယ်။ ဘာမှတော့ မလုပ်သွားဘူး”ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

ယင်းသို့ခေါ်ယူစစ်ဆေးမှုများရှိနေသောကြောင့် ဒေသခံတစ်ချို့မှာလည်း စိုးရိမ်မှုမြင့်တက်ပြီး တိမ်းရှောင်လျက်ရှိ ကြသည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိသဖြင့် တုန့်ပြန်ချက် တစ်စုံတစ်ရာမရရှိခဲ့ပေ။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းတွင် နှစ်ဘက်နားလည်မှုဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခဲ့ရာ ယခုနှစ်အတွင်းတွင် ထိတွေ့တိုက်ခိုက်မှုအနည်းငယ်ရှိခဲ့သည်မှအပ လတ်တလောတွင်တည်ငြိမ်နေသည်။

သို့သော်လည်း မြန်မာစစ်တပ်မှ ပြည်နယ်အတွင်းတွင် တစ်ရွာဝင်တစ်ရွာထွက်ပြီး စစ်ဆေးမှုများရှိနေကာ AA နှင့်မပတ်သက်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံများကို ခေါ်ယူသတိပေးမှုများလည်း ရှိနေသည်။

တည်ငြိမ်နေသည့်ကာလတွင် ယင်းသို့စစ်ဆေးနေများအပေါ် AA ကလည်း လက်မခံကြောင်းပြသနေပြီး ဒေသခံများမှာလည်း သဘောမတွေ့ကြပေ။

ဗီဒီယိုများ