စစ်တွေ မဲဆန္ဒနယ် အားလုံးတွင် ရခိုင်အမျိုးသားပါတီ အနိုင်ရ

စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)နှင့် (၂)တို့တွင် ရခိုင်အမျိုးသားပါတီက အနိုင်ရရှိနေကြောင်း ရခိုင်အမျိုးသားပါတီ ဗဟိုအောင်နိုင်ရေးကော်မတီ ပြန်ကြားရေး တာဝန်ခံ ဦးကျောင်ဝင်းချေက DMG ကိုပြောသည်။

09 Nov 2020

ရခိုင်အမျိုးသားပါတီ မဲဆွယ်စည်းရုံးရေး မြင်ကွင်းတစ်ခု (ဓာတ်ပုံ - အောင်ကောင်းဇော်)

ခင်သရဖီဦး | DMG
နိုဝင်ဘာ ၉၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ မဲဆန္ဒနယ် အားလုံးတွင် ရခိုင်အမျိုးသားပါတီ(ANP)က အနိုင်ရရှိနေပြီဖြစ်ကြောင်း ယင်းပါတီမှ ထုတ်ဖော်ပြောဆိုသည်။

စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)နှင့် (၂)တို့တွင် ရခိုင်အမျိုးသားပါတီက အနိုင်ရရှိနေကြောင်း ရခိုင်အမျိုးသားပါတီ(ANP) ဗဟိုအောင်နိုင်ရေးကော်မတီ ပြန်ကြားရေး တာဝန်ခံ ဦးကျောင်ဝင်းချေက DMG ကိုပြောသည်။

“ ANP က စစ်တွေမြို့မှာ ဦးဆောင်နေပါတယ်။ သေချာသလောက်ကတော့ နိုင်နေပါတယ်၊ အဖြေကတော့ မဲရလဒ်ကို အတည်မပြုသေးပေမဲ့ မနိုင်စရာတော့ မရှိတော့ဘူး။ နိုင်နေပါတယ်။ စစ်တွေမြို့မှာဝင်ပြိုင်တဲ့ အမှတ် (၄) နေရာမှာ အားလုံးမှာပေါ့နော်။ သေချာတာကတော့ ကျနော်တို့နိုင်နေပြီ။ မဲအရေအတွက်ပဲ အတိအကျ မပြောနိုင်သေးတာပါ” ဟု ၎င်းကပြောသည်။

စစ်တွေမြို့နယ်တွင် ANP နှင့်အတူ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ နှင့် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)တွင် တစ်သီးပုဂ္ဂလတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ရခိုင့်ဦးဆောင်ပါတီ(AFP)မှာ စစ်တွေမြို့နယ်တွင် ရူံးနိမ့်ခဲ့ကြောင်း ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၇ နာရီကျော်ခန့်တွင် ရခိုင့်ဦးဆောင်ပါတီ ဒုဥက္ကဋ္ဌ ဦးကျော်ဇောဦး က သူ့၏ လူမူကွန်ရက်စာမျက်နှာ Facebook ပေါ်တွင် ရေးသားထားသည်။

“ ဆန္ဒမဲပြားအရေအတွက်များအား အကုန်အစင် မသိရသေးသော်လည်း ရခိုင့်ဦးဆောင်ပါတီအား ကိုယ်စားပြုလျက် စစ်တွေမြိုနယ်တွင် ပါဝင်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်းများ အားလုံးအနေဖြင့် ရူံးနိမ့်ခဲ့ပြီးဖြစ်ကြောင်းကို ကျွန်တော်တို့ သတိထားမိခဲ့ပြီးဖြစ်ပါသည်” ဟု ရေးသားထားသည်။

စစ်တွေမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၁၀၇၀၀၀ ကျော်ရှိပြီး မဲပေးခဲ့သူအရေအတွက်နှင့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းအလိုက် မဲရရှိမူကို မသိရသေးပေ။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း စစ်တွေမြို့နယ် မဲဆန္ဒနယ်အားလုံးတွင် ရခိုင်အမျိုးသားပါတီက အနိုင်ရရှိခဲ့သည်။

ယခုဖော်ပြပါ ရွေးကောက်ပွဲ ရလဒ်များသည် သက်ဆိုင်ရာပါတီများမှ ထုတ်ပြန်ပြောဆိုထားခြင်းဖြစ်ပြီး မဲရလဒ်အတိအကျကိုမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မထုတ်ပြန်သေးပေ။

ဆက်စပ်ဖတ်ရှုရန် :

ဗီဒီယိုများ