သတင်းတု၊ သတင်းမှားများ များပြားမလာစေဖို့ ကိုဗစ်ကာလတွင် သတင်းသမားများ လွတ်လပ်စွာသတင်းရယူ ခွင့်ပေးရန် မီဒီယာကောင်စီမေတ္တာရပ်ခံ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သောအမိန့်တွင် သတင်းမီဒီယာလုပ်ငန်းများကို ထည့်သွင်းသတ်မှတ်ပေးရန် နိုင်ငံတော်အစိုးရထံ သုံးကြိမ်မြောက်တင်ပြတောင်းဆိုခဲ့ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ စက်တင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

By ဉာဏ်ဟိန်း 30 Sep 2020

ဉာဏ်ဟိန်း | DMG
စက်တင်ဘာ ၃၀ ၊ စစ်တွေ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သောအမိန့်တွင် သတင်းမီဒီယာလုပ်ငန်းများကို ထည့်သွင်းသတ်မှတ်ပေးရန် နိုင်ငံတော်အစိုးရထံ သုံးကြိမ်မြောက်တင်ပြတောင်းဆိုခဲ့ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ စက်တင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၀ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သောအမိန့်တွင် သတင်း မီဒီယာလုပ်ငန်းများကို ထည့်သွင်းဖော်ပြခြင်းမရှိခဲ့ပေ။

ယင်းကြောင့် သတင်းမီဒီယာလုပ်ငန်းများကို ထည့်သွင်းသတ်မှတ်ပေးနိုင်ရန်အတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးတို့ထံ စက်တင်ဘာလ ၂၁ ရက်နေ့ကတစ်ကြိမ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ကတစ်ကြိမ် မေတ္တာရပ်ခံစာတင်ပြခဲ့သည်ဟု မီဒီယာကောင်စီမှ သိရသည်။

သို့သော် အကြောင်းတစ်စုံတစ်ရာပြန်ကြားခြင်းမရှိသည့်အတွက် စက်တင်ဘာ ၂၈ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် ယခင်မေတ္တာရပ်ခံစာပေးပို့ခဲ့သူများ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ထံ စာထပ်မံပေးပို့ကာ မေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ ကိုဗစ်ကာလနှင့် ရွေးကောက်ပွဲစည်းရုံးရေးကာလများတွင် ပြည်သူများထံသို့ သတင်းမှန်များ ပုံမှန် စီးဆင်းရန်လိုအပ်ပြီး ယင်းသို့မရှိပါက ကောလဟာလ သတင်းများ၊ သတင်းတု၊ သတင်းမှားများ ပိုမိုများပြားလာနိုင်ကြောင်းလည်း မီဒီယာကောင်စီကဆိုသည်။

“တစ်နေရာရာမှာ တစ်ခုခုဖြစ်တယ်လို့ပြောလာတဲ့ သတင်းအမှားမျိုးတက်လာရင် အဲဒါကို အတည်မပြုနိုင်ရင် အဲဒီ သတင်းအမှားဟာ သက်တမ်းရှည်လာနိုင်တယ်။ ဆိုတော့ သတင်းမီဒီယာသမားတွေထွက်ခွင့်ရှိရင် သွားပြီး စစ်ဆေးအတည်ပြုပြီးတော့ သတင်းမှန်၊ မမှန်ကို အမြန်တင်ပြနိုင်တယ်။ အဲဒီလိုမတင်ပြနိုင်ရင်တော့ သတင်းတု၊ သတင်းမှားတွေ ကြာရှည်လာနိုင်တယ်” ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးမြင့်ကျော်က DMG သို့ ပြောသည်။

သတင်းဥပဒေ ပုဒ်မ(၂) အပိုဒ်ခွဲ(က)တွင် သတင်းမီဒီယာ၏လုပ်ငန်းသဘာဝကို “သတင်းမီဒီယာဆိုသည်မှာ သတင်းရှာဖွေခြင်း၊ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ သတင်းအချက်အလက်များကိုခွဲခြမ်းစိတ်ဖြာခြင်း၊ ဖြန့်ချိခြင်း အစရှိသည်တို့ကို စာ၊ အသံ၊ အရုပ်၊ ရုပ်သံ၊ ကိန်းဂဏန်းအချက်အလက်၊ ရုပ်ပုံဒီဇိုင်း စသည့် အသွင် သဏ္ဌန်များအသုံးပြုကာ ပုံနှိပ်မီဒီယာ၊ ရုပ်သံလွှင့်မီဒီယာ၊ အယ်ဒီတာတာဝန်ယူမူရှိသော အင်တာနက်မီဒီယာ သို့မဟုတ် အခြားနည်းလမ်းများဖြင့်လုပ်ကိုင်သည့် အများပြည်သူဆိုင်ရာပြန်ကြားဆက်သွယ်ရေးလုပ်ငန်းများ ဆိုသည်”ဟု ဖော်ပြထားသည်။

“လောလောစဉ်လိုက်စရာ သတင်းတွေပေါ်လာရင် ထွက်လို့မရဘူး။ ထွက်ရင်အရေးယူခံနိုင်တဲ့ အနေထား ဖြစ်နေတယ်။ အဲဒီတော့သတင်းအတည်ပြုတာတွေ အားနည်းနိုင်တယ်။ သတင်းမှန်ကန်မူတွေ၊ တိကျမူတွေ လျှော့နည်းသွားနိုင်တယ်” ဟု ဦးမြင့်ကျော်က ပြောသည်။

ထို့ကြောင့် Stay at Home ကာလအတွင်း သတင်းမီဒီယာလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ခဲ့သော အမိန့်တွင် သတင်းမီဒီယာလုပ်ငန်းကို အမြန်ဆုံး ထည့်သွင်းသတ်မှတ်ပေးရန်လိုကြောင်း မီဒီယာကောင်စီက သတင်းထုတ်ပြန်ထားသည်။

Stay at Home ထုတ်ပြန်ထားသည့် ဒေသများတွင် သတင်းမီဒီယာသမားများအား နယ်မြေကျော်လွန်ပြီး လွတ်လပ်စွာသတင်းရယူခွင့်၊ သွားရောက်ခွင့်တို့ကို ခွင့်ပြုပေးရန်လိုအပ်ကြောင်းလည်း ကောင်စီကဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ Stay at home တွင် ပုဂ္ဂလိကသတင်းမီဒီယာများ ပါဝင်နေမှုအပေါ် ဖြေလျှော့ပေးရန် Myanmar Journalist Network(MJN)က စက်တင်ဘာ ၂၇ ရက်တွင် အစိုးရအား တိုက်တွန်းခဲ့သည်။

ထို့အတူ နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ၏ သတင်းအချက်အလက်သိပိုင်ခွင့်အားထောက်ထား၍ ကိုဗစ် ၁၉ ကပ်ရောဂါကာလ ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်ပါ ကန့်သတ်ချက်များတွင် သတင်းမီဒီယာ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုကာ စနစ်တကျကင်းလွတ်ခွင့်ပေးရန် PEN Myanmar ကလည်း စက်တင်ဘာလ ၂၈ ရက်နေ့က တိုက်တွန်းထားသည်။

ဗီဒီယိုများ