ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း-၃တွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ မပါဝင်

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးသည့် ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း(၃)ကို ယနေ့ သြဂုတ်လ ၂၁ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း၊ ဗဟိုဌာန (၂)တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီတို့မှ ကိုယ်စားလှယ်များက သဘောတူလက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်သည်။

21 Aug 2020

ခိုင်ရိုးလ | DMG
သြဂုတ် ၂၁ ၊ နေပြည်တော်

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးသည့် ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း(၃)ကို ယနေ့ သြဂုတ်လ ၂၁ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း၊ ဗဟိုဌာန (၂)တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီတို့မှ ကိုယ်စားလှယ်များက သဘောတူလက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်သည်။

ယင်းသို့သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း (၃)တွင် အရေးကြီးသည့် ပြည်နယ်များ၏ ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲခွင့် (သို့မဟုတ်) ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ပါ ဝေါဟာရအနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များနှင့် ပတ်သက်သည်များ ကျန်နေခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ် ၁၉ ရက်က ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ စတုတ္ထအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ပြောဆိုခဲ့သည်။

“အခု ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုချိန်မှာတော့ အခြေခံမူ ၅ ချက်ထဲက အရေးကြီးတဲ့ ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အခြေခံဥပဒေ ရေးဆွဲခွင့်၊ တစ်နည်းအားဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းအထိ အပြင်းအထန်ဆွေးနွေးခဲ့ပေမယ့် သဘောတူစာချုပ်မှာ မပါဝင်နိုင်ခဲ့ဘဲ ဆက်လက်ဆွေးနွေးရန်ဆိုတဲ့ အချက်အနေနဲ့ ကျန်နေခဲ့ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဆက်လက်ပြီး ယင်းသို့ကျန်နေခဲ့ရသည့် အကြောင်းရင်းမှာ နှစ်ဘက်အပြန်အလှန် ယုံကြည်မှုအားနည်းခြင်းသာဖြစ်ကြောင်း ဆက်ပြောသည်။

ထိုသို့ကျန်ခဲ့ရခြင်းအကြောင်းအရင်းက “ ပြည်နယ်အခြေခံဥပဒေ” နဲ့ “ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ” စကားရပ်၊ အခေါ်အဝေါ် ညှိယူလို့မရတဲ့အတွက်လို့ ဆိုနိုင်သော်လည်း ဝေါဟာရတွေအပေါ်မှာ အနက်အဓိပ္ပါယ် ကောက်ယူဖွင့်ဆိုမှုတွေရဲ့ အကျိုးဆက်လို့ဆိုနိုင်တယ်။ ဒါဟာ တကယ်တော့နှစ်ဘက်စလုံးမှာ ရှိနေတဲ့စိုးရိမ်မှုတွေပါပဲ။ ဒီလိုစိုးရိမ်မှုတွေကို ထပ်ပြီးစီစစ်သုံးသပ်ကြည့်လိုက်ရင် သံသယတွေနဲ့ မြင်နေကြလို့၊ အပြန်အလှန် ယုံကြည်မှု အားနည်းလို့ဆိုတာကို အတိုင်းသားမြင်နိုင်ပါတယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောခဲ့သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတွင် တိုင်းရင်းသားများ သမိုင်းကြောင်းအရ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိရမည်ဖြစ်ပြီး လက်ရှိတွင် ယင်းအချက်မပါခဲ့သော်လည်း ဆက်လက် ဆွေးနွေးရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက မှတ်ချက်ပေး ပြောဆိုသည်။

“ပြည်ထောင်စုတစ်စုံလုံးနဲ့ ဆိုင်တဲ့ကိစ္စ၊ သူ့ရဲ့ အချုပ်အခြာအာဏာပဲပြောပြာ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ပဲပြောပြော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရှိရမယ်။ သို့သော်လည်းပဲ ဒီအစိုးရက ကျွန်တော်တို့ တောင်းဆိုတဲ့အတွက်ကြောင့်လို့ပဲ ဖြစ်ချင်လည်းဖြစ်မှာပေါ့နော်။ ကျွန်တော်တို့က ဖက်ဒရယ်ဆိုတဲ့အတွက်ကြောင့် တင်တာ။ သူ့ရဲ့စဉ်းစားမှုကတော့ ဗဟိုချုပ်ကိုင်မှုအားကောင်းတဲ့ ပုံစံမျိုးလုပ်မယ်ဆိုတဲ့သဘောကတော့ ကျွန်တော်တို့က ဗဟိုက ခွဲဝေပေးတဲ့ အာဏာနဲ့သာလုပ်ပိုင်ခွင့်ရှိမယ်။ ကျွန်တော်တို့ကတော့ ကိုယ့်အာဏာကို ဗဟိုကိုဘယ်လိုခွဲဝေမလဲဆိုတဲ့ အပေါ်မှာမူတည်တယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

တိုင်းရင်းသားများ မျှော်လင့်ထားသော ငြိမ်းချမ်းရေးလမ်းစဉ်မှာ လက်ရှိညီလာခံတွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို မရရှိခဲ့သည့်အတွက် ၅၀ % လောက်ကိုတောင် ခရီးမရောက်သေးကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုခေါင်းဆောင် စောမြရာဇာလင်းက ပြောသည်။

“ကျမတို့ကတော့ ဒီတစ်ခေါက်တော့ ပြည်နယ်ဖွဲ့စည်းပုံရမယ်လို့ မျှော်မှန်းခဲ့တာပေါ့လေ။ ပြည်နယ်ဖွဲ့စည်းပုံရမယ်ဆိုလို့ရှိရင် ကျမတို့ မျှော်မှန်းတာတွေ ၅၀% ရောက်တယ်လို့ ပြောလို့ရတာပေါ့။ ဒါပေမယ့် အခုက ထစ်ဆို့မှုတွေများသွားတယ် ” ဟု ၎င်းကပြောသည်။

သို့သော်လည်း ထိုကိစ္စများသည် NCA လမ်းကြောင်းအရ လာမည့် ၂၀၂၀ အလွန် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များတွင် ပါဝင်လာမည်ဖြစ်ကြောင်း စောမြရာဇာလင်းက ဆက်ပြောသည်။

NCA တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/ KNL-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ဖြစ်ကြသည်။

NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့မှာ “ဝ” အဖွဲ့ USWA၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရှမ်းပြည်တပ်မတော်/ တောင်ပိုင်း(SSPP/SSA)၊ မိုင်းလား (NDAA)၊ တအန်းပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)နှင့် ရက္ခိုင့်တပ်တော် (AA) တို့ဖြစ်ကြသည်။

ဗီဒီယိုများ