ရခိုင်တွင် ဂုဏ်သိက္ခာအရ ရွေးကောက်ပွဲကျင်းပလိမ့်မည်ဟု လွှတ်တော်ဥက္ကဋ္ဌပြော

တိုက်ပွဲများဖြစ်ပွားနေသော ရခိုင်ပြည်နယ်တွင် အစိုးရအနေဖြင့် ဂုဏ်သိက္ခာအရ ရွေးကောက်ပွဲကျင်းပလိမ့်မည်ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ယနေ့ (နိုဝင်ဘာ ၂၉ ရက်)၊ ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးရုံးဖွင့်ပွဲ အခမ်းအနားတွင် ပြောသည်။

29 Nov 2019

ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့ ရုံးဖွင့်ပွဲသို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ (ဝဲ) တက်ရောက်လာစဉ်။

ဖဒူ ထွန်းအောင်၊ မြတ်ဆွေ | DMG
နိုဝင်ဘာ ၂၉၊ စစ်တွေ

တိုက်ပွဲများဖြစ်ပွားနေသော ရခိုင်ပြည်နယ်တွင် အစိုးရအနေဖြင့် ဂုဏ်သိက္ခာအရ ရွေးကောက်ပွဲကျင်းပလိမ့်မည်ဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ယနေ့ (နိုဝင်ဘာ ၂၉ ရက်)၊ ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးရုံးဖွင့်ပွဲ အခမ်းအနားတွင် ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဦးဆောင်သော အစိုးရအဖွဲ့သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို အေးအေးဆေးဆေးကျင်းပနိုင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို မကျင်းပနိုင်လျှင် ဂုဏ်သိက္ခာ ကျဆင်းလိမ့်မည်ဖြစ်သောကြောင့် ဂုဏ်သိက္ခာကို ကာကွယ်သောအားဖြင့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပလိမ့်မည်ဟု ဦးစံကျော်လှက ဆိုသည်။

“တကယ်လို့များ ၂၀၂၀ ရွေးကောက်ပွဲကို လက်ရှိအစိုးရဟာ မကျင်းပနိုင်ဘူးဆိုရင် အစိုးရညံ့ရာဖြစ်သွားမယ်။ အစိုးရဟာ ရခိုင်ပြည်နယ်မှာ မလုပ်ပေးနိုင်ဘူးဆိုရင် ရခိုင်ပြည်နယ်ကို အစိုးရအုပ်ချုပ်လို့ မရဘူးဆိုတာ ပေါ်လွင်သွားမယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်၏ ၂၀၂၀ ရွေးကောက်ပွဲကို စောင့်ကြည့်ရန်အတွက် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးရှေ့ဆောင်(PDI-Kintha)၊ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် နှင့် People For People တို့ပူးပေါင်းပြီး ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ဖွဲ့စည်းထားသည်။

ရခိုင်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ ၁.၄ သန်းရှိပြီး မဲရုံစုစုပေါင်း (၂၁၀၀၀)ရှိသည်။ ယင်းအနက် မဲရုံတစ်ထောင်ခန့်ကိုသာ စောင့်ကြည့်သွားမည်ဟု ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေး အဖွဲ့ထံမှ သိရသည်။

“ကျနော်တို့မှာကတော့ (၁၇)မြို့နယ်ကို စောင့်ကြည့်မယ်။ ဒါပေမယ့် အဓိကဧရိယာလို့ ပြောရင်တော့ အငြင်းပွားနိုင်ခြေရှိတဲ့ ဧရိယာတွေကို ပိုပြီးတော့ဂရုစိုက်မယ်ပေါ့။ ဥပမာ ကျနော်တို့ရခိုင်မှာဆိုရင် ပါတီ (၁၁)ခုရှိတယ်။ အဲ့တော့ ဒီပါတီတွေက ဘယ်နေရာတွေမှာ အငြင်းပွားမှု ဖြစ်နိုင်ခြေရှိလဲပေါ့။ အဲလို ဧရိယာတွေကို ဦးစားပေးမယ်” ဟု ယင်းအဖွဲ့မှ တာဝန်ရှိသူ ဦးခိုင်ကောင်းစံက ပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် (၈)မြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် ရွေးကောက်ပွဲ မကျင်းပမည်ကို နိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများက စိုးရိမ်နေကြသည်။

သို့သော် ရခိုင်ပြည်နယ်မြို့နယ်အားလုံးတွင် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရန် လက်ရှိအချိန်ထိ ဆုံးဖြတ်ချက်ချထားသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က မီဒီယာတစ်ချို့ကို နိုဝင်ဘာလ ဒုတိယပတ်တွင် ပြောဆိုထားသည်။

ဗီဒီယိုများ