ကျောင်းစတင်လက်ခံသည့်နေ့တွင် ရခိုင်ပြည်၌ ကျောင်းအပ်နှံသူဦးရေ ငါးသောင်းလေးထောင်ကျော်ရှိ

ကျောင်းစတင်လက်ခံခဲ့သည့်နေ့တွင် ရခိုင်ပြည်၌ ကျောင်းအပ်နှံသူဦးရေ ၅၄၆၈၇ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

26 May 2021

DMG | မေ ၂၆

ကျောင်းစတင်လက်ခံခဲ့သည့်နေ့တွင် ရခိုင်ပြည်၌ ကျောင်းအပ်နှံသူဦးရေ ၅၄၆၈၇ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းလာအပ်နှံသူများတွင် အခြေခံပညာမူလတန်း ကျောင်းသား၊ ကျောင်းသူ ၃၈၀၂၅ ဦး၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ၁၂၈၆၄ ဦးနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူ ၃၇၉၈ ဦးတို့ဖြစ်သည်။

ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက “ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကတည်းက ကျောင်းအပ် လက်ခံတော့မယ့်အကြောင်းကို မြေစိုက်ပိုစတာတွေထောင်ပြီး အသိပေးတာတွေ လုပ်ခဲ့ပါတယ်။ နောက်ပြီး အခုကျောင်းအပ်လက်ခံတဲ့ နေရာမှာလည်း အကုန်လုံးအခမဲ့ပါပဲ။ အခမဲ့ပညာရေးစနစ်နဲ့ပါပဲ” ဟု ပြောသည်။

ကျောင်းအပ်လက်ခံခြင်းကို ယခု မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ ပြုလုပ်ရန် အခြေခံပညာဦးစီးဌာနမှ ပြီးခဲ့သည့် မေလ ၃ ရက်နေ့က ညွှန်ကြားစာ ပေးပို့ထားသည်။
ထို့အပြင် ဇွန်လ ၁ ရက်နေ့တွင် ကျောင်းများဖွင့်လှစ်ရန် လွန်ခဲ့သည့်ရက်ပိုင်းက ညွှန်ကြားစာထွက်ရှိခဲ့ပြီး ကိုဗစ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်မည်ဟု ဦးတင်သိန်းက ပြောသည်။

“ကျောင်းစာသင်ခန်းတွေမှာ ကိုဗစ်ကာကွယ်ဖို့အတွက် အရင်တုန်းကတော့ ၆ ပေခြား ထိုင်ခိုင်းခဲ့တယ်။ အခုကတော့ ၆ ပေ (ဒါမှမဟုတ်) ၄ ပေခြားပြီး ထိုင်ခိုင်းဖို့ ညွှန်ကြားထားတယ်။ အရင်တုန်းကလို A အဆင့်ရ၊ B အဆင့်ရဆိုပြီး စစ်ဆေးတာတွေကကျတော့ ကျန်းမာရေးဌာနက အရင်ကတည်းက စစ်ဆေးပြီး ဖြစ်တာကြောင့်  အခုကတော့ ကျန်းမာရေးဆိုင်ရာ လိုက်နာရမယ့် အချက် ၃၄ ချက်နဲ့ စစ်ဆေးတာတွေ လုပ်သွားမှာပါ” ဟု ပြောသည်။

လက်ရှိအချိန်၌ မြန်မာပြည်အဝှမ်းတွင် ကျောင်းမတက်ရေး၊ ကျောင်းအပ်နှံခြင်း မပြုလုပ်ရေးတို့ကို ပြုလုပ်နေကြသော်လည်း သားသမီးပညာရေးအနာဂတ်ကို ရှေးရှုကာ ကျောင်းအပ်နှံခဲ့ပြီဖြစ်ကြောင်း စစ်တွေမြို့မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးအောင်ကြည်မိုးက ဆိုသည်။

“ကျွန်တော်ကတော့ စာသင်ကျောင်းကို ဗုံးဖောက်တာတွေ၊ ကျောင်းမတက်ဖို့ ပြောတာတွေကိုတော့ မထောက်ခံပါဘူး။ ဘာလို့လည်းဆိုတော့ နိုင်ငံတစ်နိုင်ငံ ဒေသတစ်ခုကို တည်ဆောက်တဲ့နေရာမှာ ပညာနဲ့ တည်ဆောက်ရတာဖြစ်လို့ပါပဲ။ အကောင်း အဆိုး၊ အကြောင်းအကျိုး ဝေဖန်ဖို့အတွက်လည်း ဒီပညာတွေက လိုတာပါပဲ။ ဒါကြောင့် ကျောင်းသားတွေကျောင်းကိုရောက်ဖို့ ကျွန်တော်ကတော့ လိုလားပါတယ် ” ဟု သူကဆိုသည်။

စစ်ကောင်စီမှ ရခိုင်ပြည်တွင် စာသင်ကျောင်းများဖွင့်လှစ်နေခြင်းကို နိုင်ငံရေးအရ အလွန်တရာစက်ဆုတ်ရွံရှာဖွယ် ဖြစ်ကြောင်း၊ ထိုလုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချကြောင်း၊ ရခိုင်ပြည်ရှိ ဆရာ၊ ဆရာများအနေဖြင့်လည်း မတရားသဖြင့် အာဏာရယူထားသော မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းပါဝင်ခြင်းမပြုရန် တိုက်တွန်းကြောင်း ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ - ရန်ကုန်) မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်ချက် ထုတ်ထားသည်။

သားသမီများကို ကျောင်းထားသင့်မထားသင့် စဉ်းစားနေသည်ဟု သံတွဲမြို့ဒေသခံ ကျောင်းသားမိဘတစ်ဦးက ယခုလိုပြောသည်။

“ဘယ်လိုပြောမလဲ အခြေအနေကို စောင့်ကြည့်နေပါတယ်။ ကျောင်းထားလိုက်ရင် ကျောင်းပြန်ပိတ်သွားမှာကိုလည်း စိုးရိမ်တယ်။ အပြင်မှာလည်း ကျူရှင်မထားသေးဘူး။ အခြေအနေကလည်း တည်ငြိမ်သေးတာမဟုတ်ဘူး။ ကျမတို့ စဉ်းစားနေပါတယ်။ ” ဟု ပြောသည်။

မြန်မာတစ်နိုင်ငံလုံး၌ ကူးစက်မြန်သည့် COVID-19 ကပ်ရောဂါဖြစ်ပွားခဲ့မှုကြောင့် အခြေခံပညာကျောင်းများကို ၂၀၂၀ ခုနှစ် ဇွန်လအတွင်းမှစတင်ကာ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူကာ စစ်ကောင်စီဖွဲ့စည်းလိုက်ပြီးနောက် အာဏာဖီဆန်သည့် CDM လှုပ်ရှားမှုကို လူထုတစ်ရပ်လုံးကပြုလုပ်ကြပြီး ကျောင်းသားများ ကျောင်းမတက်ဘဲရှိနေကြသလို ဆရာ၊ ဆရာမများမှာလည်း ကျောင်းမတက်ရှိနေကြပြီး အပြီးအပိုင် နုတ်ထွက်သည့် ဆရာ၊ ဆရာများလည်း ရှိကြသည်။

ရခိုင်ပြည်တွင် ပညာရေးဌာနသို့ အကြောင်းမကြားသည့် ဆရာ၊ ဆရာမ ၉၀ ရှိပြီး ယင်းဆရာ၊ ဆရာမများကို ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ အပြီးအပိုင်ထုတ်ပယ်ထားကြောင်း၊ သို့သော်လည်းကျောင်းဖွင့်သည့်နေမှ ၆ လအတွင်း အဆိုပါ ဆရာ၊ ဆရာမများမှာ အယူခံဝင်နိုင်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဗီဒီယိုများ