စစ်ဘေးရှောင်စခန်းကကျောင်းသားများ မြို့ပေါ်သို့ သွားရောက်စာမေးပွဲဖြေဆိုရန် အခက်အခဲများရှိနေ

တက္ကသိုလ်ဝင်တန်းစာမေးပွဲစစ်ဆေးရာတွင် ရခိုင်ပြည်နယ်အတွင်းက စာစစ်ဌာန(၂၀)ခုကို လုံခြုံရေးအရဟုဆိုကာ မြို့ပေါ်သို့ပြောင်းရွှေ့စစ်ဆေးမည်ဖြစ်သဖြင့် နယ်ဘက်ရှိ စစ်ဘေးရှောင်စခန်းမှကျောင်းသား/သူတို့မှာ မြို့ပေါ်သို့သွားရောက်ပြီး စာမေးပွဲထြေဆိုရန် နေထိုင်ရေးနှင့် စားသောက်ရေးများ အခက်အခဲရှိနေကြသည်။

26 Mar 2022

DMG ၊ မတ် ၂၆

တက္ကသိုလ်ဝင်တန်းစာမေးပွဲစစ်ဆေးရာတွင် ရခိုင်ပြည်နယ်အတွင်းက စာစစ်ဌာန(၂၀)ခုကို လုံခြုံရေးအရဟုဆိုကာ မြို့ပေါ်သို့ပြောင်းရွှေ့စစ်ဆေးမည်ဖြစ်သဖြင့် နယ်ဘက်ရှိ စစ်ဘေးရှောင်စခန်းမှကျောင်းသား/သူတို့မှာ မြို့ပေါ်သို့သွားရောက်ပြီး စာမေးပွဲထြေဆိုရန် နေထိုင်ရေးနှင့် စားသောက်ရေးများ အခက်အခဲရှိနေကြသည်။

ရခိုင်ပြည်နယ်တွင် စာစစ်ဌာနစုစုပေါင်း(၁၂၈)ခုရှိပြီး ယင်းအထဲမှ မင်းပြား၊ အမ်း၊ မြေပုံ၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ် ၆ ခုမှ စာစစ်ဌာန(၂၀)ခုကို မြို့ပေါ်သို့ပြောင်းရွှေ့စစ်ဆေးသွားမည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝါးတောင်စစ်ဘေးရှောင်စခန်းမှ ကျောင်းသား/သူများမှာ ယခင်စာသင်ကြားနေသည့် ယိုးတရုတ်ကျေးရွာစာစစ်ဌာနတွင် စာမေးပွဲဖြေဆိုခွင့်မရပဲ ကျောက်တော်မြို့ပေါ်သို့ပြောင်းရွှေ့ဖြေဆိုရမည်ဖြစ်၍ လမ်းစရိတ်၊ စားသောက်နေထိုင်ရေးစရိတ်တို့အတွက် အခက်အခဲရှိနေသည်ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်ခိုင်သန်းဖြူက ပြောသည်။

“ကျမတို့မှာ ကျောက်တော်ကိုသွားပြီးတော့ ဖြေရမယ်။ ဒီကနေ ကားနဲ့သွားရမယ်။ အဲဒီမှာ နေစရိတ်၊ စားစရိတ်အတွက် အခုချိန်ခါ ကုန်ဈေးနှုန်းတွေတက်နေတာကြောင့် အိမ်ငှားခတစ်သိန်းပေးရမယ်လို့ပြောပါတယ်။ ကျမတို့မှာ ပိုက်ဆံလည်းဘာမှမရှိဘူး။ ဘယ်လိုလုပ်ရမလဲဆိုတာတောင် စဉ်းစားလို့မရတော့ဘူး။ ကျမတို့ကို ဒီစာမေးပွဲဖြေဆိုဖို့သွားတဲ့အခါ စရိတ်စခတွေအဆင်ပြေအောင်အတွက်တော့ အကူအညီပေးစေချင်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိစစ်ဘေးရှောင်စခန်းများတွင် ပုံမှန်ထက်အထောက်အပံ့ရရှိမှု နည်းပါးလာခြင်း၊ အလုပ်အကိုင်မရှိခြင်း၊ ကုန်ဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် ကျောင်းသားမိဘများမှာ ပို၍အခက်အခဲရှိနေကြခြင်းဖြစ်သည်ဟုလည်း ကျောင်းသားမိဘများကပြောဆိုကြသည်။

စာမေးပွဲပြီးစီးသည်အထိ ကျောင်းသားတစ်ဦးနှင့် မိဘတစ်ဦးစာအတွက် အိမ်ငှားခနှင့်စားသောက်စရိတ်အတွက် ငွေကျပ်တစ်သိန်းပေးဆောင်ရမည်ဖြစ်ကာ ငွေကြေးချေးငှားပြီးသွားရန်ပြင်ဆင်နေသည်ဟု မြောက်ဦးမြို့နယ် ကုလားချောင်းစခန်းမှ ကျောင်းသားမိခင် ဒေါ်မညိုကပြောသည်။

“ကျမတို့ကတော့ မြောက်ဦးကိုသွားပြီးတော့ ဖြေဆိုရမယ်။ အနီးနားမှာဖြေဆိုရမယ်ဆိုတော့ ငွေကုန်ကျသက်သာတာပေ့ါ။ အခုတော့ အများကြီးကုန်ကျတော့မယ်။ သားသမီးကို စာမေးပွဲအောင်စေချင်တဲ့အတွက် အဆင်ပြေသလိုချေးငှားသွားမယ်လို့ပြင်ဆင်ထားပါတယ်”ဟု ၎င်းကဆိုသည်။

မြို့ပေါ်သို့သွားရောက်ဖြေဆိုရန် အခက်အခဲရှိနေသည့် ကျောင်းသားကျောင်းသူများနှင့်ပတ်သက်ပြီး မည်သို့ဆောင်ရွက်သွားရန်ရှိသနည်းဟု ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းအားမေးမြန်းရာ ထိုကိစ္စများကိုကူညီဆောင်ရွက်ရန် အစီအစဉ်မရှိကြောင်းပြောသည်။

“မြို့ပေါ်ကိုသွားရောက်ဖြေဆိုကြမဲ့ ကျောင်းသား/သူတွေနဲ့ မိဘတွေကို နေရာထိုင်ခင်း၊ အစားအသောက်တွေကူညီပေးတယ်ဆိုတာက ပုဂ္ဂလိက ပရဟိတသမားတွေလောက်ပဲ လုပ်ပေးချင်လုပ်ပေးလိမ့်မယ်။ ငါတို့အစိုးရအနေနဲ့တော့ လုပ်ပေးတာမရှိဘူး“ဟု ၎င်းကပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းကို ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း မအားသေးဟုဆိုကာ ဖုန်းချသွားသဖြင့် တစ်စုံတစ်ရာမသိရပေ။

လက်ရှိစစ်ဘေးရှောင်စခန်းမှာ တက္ကသိုလ်စာမေးဖြေဆိုမည့် ကျောင်းသား/သူစာရင်းမှာ ရခိုင်ပြည်နယ်လုံးတွင် ၃ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းထိရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ သိရသည်။ တက္ကသိုလ်စာမေးပွဲမဖြေဆိုမီ အနီးအနားစစ်ဘေးရှောင်စခန်းများအား လက်လှမ်းမီသလောက် ကူညီပေးရန်စီစဉ်နေသည်ဟုလည်း REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။

“စစ်ဘေးရှောင်တွေမှာ အဲ့ဒါတွေကိုဖြေရှင်းဖို့အတွက် နီးစပ်ရာကချေးငှားပြီးတော့ စီစဉ်မယ့်အနေထားရှိနေတယ်လို့ ကျောင်းသားမိဘတွေကပြောဆိုနေကြတယ်။ စစ်ဘေးရှောင်ကျောင်းသားတွေကို စာမေးပွဲမဖြေဆိုမီတော့ ကျနော်တို့လက်လှမ်းမီသလောက် ကူညီသွားဖို့ရှိပါတယ်”ဟု ၎င်းကဆိုသည်။

စာစစ်ဌာန ၂၀ ကိုပြောင်းရွှေ့လိုက်ခြင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းသည် နိုင်ငံတော်အဆင့်မေးခွန်းဖြစ်သည့်အတွက် လုံခြုံရေးအရတာဝန်ယူပေးမည့် ရဲတပ်ဖွဲ့ဝင်များရှိမှသာလျှင် စစ်ဆေး၍ရမည်ဖြစ်သဖြင့် ဌာနဆိုင်ရာများနှင့်ညှိနှိုင်းကာ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသူ/သား (၄၉၁၈၃)ဦးရှိခဲ့ပြီး ယခုနှစ်တွင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့်ကျောင်းသား/သူ ၄၅၀၀၀ ကျော်ရှိကြောင်းလည်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဗီဒီယိုများ