လျှပ်စစ်မီးနေ့စဉ်ပြတ်တောက်မှုက စာမေးပွဲဖြေဆိုရန်နီးလာသည့် ကျောင်းသားများအတွက် အခက်အခဲဖြစ်စေ

ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးမှာ အချိန်ကြာမြင့်စွာနေ့စဉ်ရက်ဆက်ပြတ်တောက်နေခြင်းကြောင့် စာမေးပွဲဖြေဆိုရန်နီးကပ်လာသည့် ကျောင်းသားများအတွက် အခက်အခဲများဖြစ်လာနေကြောင်း ကျောင်းသားများနှင့်ပညာရေးအသိုင်းအဝိုင်းကဆိုသည်။

10 Mar 2022

ဓါတ်ပုံ - ရခိုင်ပြည်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသူကျောင်းသားများအားတွေ့ရစဉ်။

DMG ၊ မတ် ၁၀

ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးမှာ အချိန်ကြာမြင့်စွာနေ့စဉ်ရက်ဆက်ပြတ်တောက်နေခြင်းကြောင့် စာမေးပွဲဖြေဆိုရန်နီးကပ်လာသည့် ကျောင်းသားများအတွက် အခက်အခဲများဖြစ်လာနေကြောင်း ကျောင်းသားများနှင့်ပညာရေးအသိုင်းအဝိုင်းကဆိုသည်။

ယခုမတ်လ ၁၇ ရက်နေ့မှစတင်ကာ မူလတန်း၊ အလယ်တန်း၊အထက်တန်းအဆင့်(သင်ရိုးသစ်၊ သင်ရိုးဟောင်း)အခြေခံပညာ အတန်းတင်စာမေးပွဲကို စတင်စစ်ဆေးသွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၃၁ ရက်နေ့တွင် စစ်ဆေးသွားမည်ဖြစ်သည်။

ထိုသို့ စာမေးပွဲကာလနီးကပ်နေသည့်အချိန်တွင် နေ့စဉ်လျှပ်စစ်မီးပြတ်တောက်နေခြင်းမှာ ကျောင်းသားများအတွက် များစွာအခက်အခဲဖြစ်ကြောင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စစ်တွေမြို့ပေါ်မှ ကျောင်းသားတစ်ဦးဖြစ်သူ မောင်ကျော်ဟိန်းစိုးက ပြောသည်။

“မီးပြတ်တာက နည်းတာမဟုတ်ဘူး။ စာလုပ်နေတဲ့အချိန်တွေမှာ မီးပြတ်တောက်သွားတာက အများကြီးထိခိုက်ပါတယ်။ အများအားဖြင့် မိုးလင်းအာရုံစာဖတ်မယ့်အချိန်တွေမှာလည်း မီးတွေပြတ်သွားတယ်။ အဲဒီအချိန်တွေဟာ ကိုယ်ဒီနေ့ရအောင် ဖတ်မယ်လို့မှန်းထားတဲ့စာပုဒ်တွေ လက်လွတ်ဆုံးရှုံးသွားရတယ်။အဲတာတွေက ပိုပြီးနစ်နာမှုဖြစ်တယ်”ဟု သူကပြောသည်။

ဆက်လက်ပြီး ကိုကျော်ဟိန်းစိုးက “မီးပြတ်တဲ့အချိန်တွေက ခဏလေးမဟုတ်ဘူး။ သုံးလေးနာရီလောက်ပြတ်တယ်။ စောင့်နေမယ်ဆိုရင်လည်း အဆင်မပြေဘူး။ ဖယောင်းတိုင်တွေနဲ့ စာလုပ်မယ်ဆိုရင်လည်း မျက်စိအားမကောင်းတော့ အဆင်မပြေဘူး။ လျှပ်စစ်မီးနဲ့ ပုံမှန်ဖတ်နေကျကျောင်းသားတွေအတွက် ပုံမှန်တစ်ခုကနေ ဖယောင်းတိုင်နဲ့ဖတ်ရမယ်ဆိုရင် စာလည်းစိတ်မဝင်စားဘူး”ဟု ပြောသည်။

ယခင်က လျှပ်စစ်မီးပြတ်တောက်လျှင် နာရီအနည်းငယ်သာကြာမြင့်ပြီး မီးပျက်မည့်အချိန်မှာ ပုံမှန်ရှိခဲ့သည်။ သို့သော် ယခုလအစောပိုင်းမှစတင်ကာ လျှပ်စစ်မီးပြတ်တောက်ခြင်းမှာ ပုံမှန်မရှိတော့သလို နေ့စဉ်အချိန်ကြာမြင့်စွာပြတ်တောက်မှုများရှိလာနေသည်ဟု ဒေသခံများကပြောကြသည်။

ယခုကဲ့သို့ လျှပ်စစ်မီးဆက်လက်ပြတ်တောက်နေမည်ဆိုပါက စာမေးပွဲကာလတွင် အခက်အခဲများရှိလာမည်ကိုစိုးရိမ်မိကြောင်း တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်ကျောင်းသူတစ်ဦးဖြစ်သူ မမြတ်စုကပြောသည်။

“ကျမတို့မှာက အချိန်ဇယားနဲ့လုပ်နေရတာဖြစ်တယ်။ မိုးလင်းအာရုံ ဒီစာပုဒ်ကိုရအောင်ဖတ်မယ့်အချိန်မှာ မီးကပြတ်သွားတယ်။ ဆိုတော့ အချိန်ဇယားနဲ့လုပ်နေရတာဆိုတော့ စာကနောက်ကျသွားတယ်။ ဒီလိုနေ့စဉ် မီးပျက်နေမယ်ဆိုရင် စာလုပ်မယ့်အချိန်တွေ အများကြီးနှောက်နှေးသွားပါတယ်။ ဒီလိုမီးပျက်နေတာက အခုစာမေးပွဲနီးလာတဲ့အချိန်မှာ အဆင်မပြေဘူး။ အခက်အခဲအများကြီးရှိလာနိုင်တယ်”ဟု ၎င်းကပြောသည်။

စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက်တွင် နေ့စဉ် နံနက် ၅ နာရီခန့်မှ ၁၀ နာရီထိ တစ်ချိန်၊ ညနေ ၃ နာရီခန့်မှ ၉ နာရီထိ တစ်ချိန်၊ တစ်ရက်လျှင်နှစ်ချိန်ခန့် လျှပ်စစ်မီးပြတ်တောက်မှုများရှိသော်လည်း ပုံမှန်မီးပြတ်တောက်ခြင်းမရှိသည့်အတွက် အခက်အခဲများဖြစ်ရကြောင်း ယင်းရပ်ကွက်အတွင်းနေထိုင်သူများထံမှ သိရသည်။

စာမေးပွဲကာလအတွင်းတွင် လျှပ်စစ်မီးမကြာခဏပြတ်တောက်နေမည်ဆိုပါက ကျောင်းသား၊သူများ အနှောက်အယှက်ဖြစ်သွားမည်ကို စိုးရိမ်သည့်ရသည့်အတွက် မီးဖြတ်မည့်အချိန်တစ်ခုကို အတိအကျသတ်မှတ်ပြီး လုပ်ဆောင်သင့်ကြောင်း သံတွဲမြို့နယ်မှ အလယ်တန်းပြကျောင်းဆရာမတစ်ဦးဖြစ်သူ ဒေါ်သင်းသင်း(အမည်လွဲ)ကပြောသည်။

“စာမေးပွဲကာလအတွင်း မီးပျက်နေမယ်ဆိုရင် ကလေးတွေအတွက် အနှောက်အယှက်ဖြစ်သွားမှာကိုစိုးရိမ်ရတယ်။ ညနေပိုင်းမှာ ဖယောင်းတိုင်းမီးနဲ့ အစားထိုးမယ်ဆိုရင်လည်း အိပ်ငိုက်ကြတဲ့အတွက် နည်းနည်းစိုးရိမ်ရတယ်။ အဓိက ဓာတ်အားလျော့ချတယ်ဆိုရင်လည်း လျှပ်စစ်မီးကို လူတွေအိပ်ချိန်ဖြစ်တဲ့ ၁၂ နာရီကနေ မနက်လေးနာရီလောက်ထိ ပုံမှန်အဲလိုလေး ဓာတ်အားလျှော့ချတယ်ဆိုရင် ပိုပြီးအဆင်ပြေတယ်။ အခုကအဲလိုမဟုတ်ဘဲ လူတွေအလုပ်လုပ်တဲ့အချိန်၊ ကျောင်းတွေရုံးတွေသွားတဲ့အချိန်၊ ထမင်းချက်ပြုတ်တဲ့အချိန်တွေမှာ မီးကပြတ်တောက်သွားတဲ့အခါကျတော့ တော်တော်အဆင်မပြေဖြစ်တယ်”ဟု သူကပြောသည်။

လျှပ်စစ်မီးပြတ်တောက်နေသည့်အချိန်တွင် ဖယောင်းတိုင်မီး၊ဆီမီးခွက်များအစားထိုးပြီး စာလုပ်ရန် စီစဉ်ဆောင်ရွက်နိုင်သော်လည်း ပုံမှန်အသုံးပြုနေကျအလင်းရောင်မရရှိသည့်အတွက် ကျောင်းသားများအတွက် စိုးရိမ်ရကြောင်း စစ်တွေမြို့၊ ကောင်းမြတ်ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာဦးသိန်းဝင်းက ပြောသည်။

“အခုက စာမေးပွဲအရမ်းနီးကပ်နေတဲ့အချိန်ဆိုတော့ စာဖတ်ဖို့အတွက် လျှပ်စစ်မီးအလုံအလောက်လိုတယ်။ လိုအပ်တဲ့လျှပ်စစ် မီးမရတော့ စိုးရိမ်ရတာပေါ့။ တချို့ဆို ဖယောင်းတိုင်မီး၊ ဆီမီးခွက်မီးတွေနဲ့ သုံးနေရတဲ့အချိန်မှာ ကလေးတွေအိပ်ငိုက်တာတွေ၊ စိတ်ပင်ပန်းတာတွေအတွက် စိုးရိမ်ရတယ်။ မီးအန္တရာယ်အထိ စိုးရိမ်ရတယ်။ ဘာပဲဖြစ်ဖြစ်ဒီစာမေးပွဲကာလ စာဖတ်ချိန်တွေမှာ လျှပ်စစ်မီးကို အလုံအလောက်ရစေချင်တယ်”ဟု သူကပြောသည်။

ယင်းအပြင် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် လျှပ်စစ်ဓာတ်အားကို အဓိကအသုံးပြု လုပ်ကိုင်နေကြသည့်လုပ်ငန်းများတွင်လည်း များစွာထိခိုက်နစ်နစ်မှုများဖြစ်ပေါ်ရသလို အချိန်ကြန့်ကြာမှုများရှိနေသည်ဟု လုပ်ငန်းရှင်တို့ကဆိုကြသည်။ ထို့ပြင် မီးပြတ်နေမှုကြောင့် ကိုယ်ပိုင်မီးစက်များဝယ်ယူကာ မီးစက်နှိုးပြီး အလုပ်လုပ်ကိုင်ရာတွင်လည်း စက်သုံးဆီဈေးနှုန်းမြင့်တက်နေမှုကြောင့် ငွေကြေးကုန်ကျမှုများလည်း ပိုမိုများလာနေသည်ဟုဆိုသည်။

လျှပ်စစ်မီးပြတ်တောက်နေရခြင်းမှာ ပြည်ပမှ မှာယူတင်သွင်းရသော LNG to Power ဓာတ်အားပေးစက်ရုံကို ရပ်တန့်ထားရခြင်း၊ ရတနာကမ်းလွန်ဓာတ်ငွေ့စီမံကိန်းကို ပြုပြင်နေရခြင်း၊ သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှုလျှော့နည်းခြင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားပို့လွှတ်ပေးနေသည့်တာဝါတိုင်များ မိုင်းခွဲဖျက်ဆီးခံရမှုတို့ကြောင့်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဓာတ်အားလျော့နည်းထုတ်လုပ်နေရသည့် ပမာဏနှင့်အညီ ဓာတ်အားစနစ်အားတည်ငြိမ်မှုကို ထိန်းညှိရန်ဆောင်ရွက်ရသည့်အတွက် ဓာတ်အားသုံးစွဲမှုများပြားသော နံနက် (၀၇:၀၀)နာရီမှ နေ့လည်(၁၁:၀၀)နာရီအတွင်းနှင့် ညအချိန်(၅)နာရီမှ (၇)နာရီအတွင်း အများဆုံးထုတ်လုပ်ပေးနိုင်သော ဓာတ်အားပမာဏထက်ကျော်လွန်ချိန်များ၌ ဝန်အားလျှော့ချ၍ ဓာတ်အားစနစ်ထိန်းညှိခြင်းကို မဖြစ်မနေဆောင်ရွက်ရလျက်ရှိသဖြင့် အချို့နေရာများတွင် အချိန်ပိုင်းဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဗီဒီယိုများ