ရခိုင်အရေး ဆန္ဒဖော်ထုတ်မှုကြောင့် ဖမ်းဆီးခံရသည့် ကျောင်းသားများအား ပြန်လွှတ်ပေးရန် အစိုးရထံတောင်းဆို

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုကြောင့် ဖမ်းဆီးခံထား ရသည့် မြန်မာပြည်အနှံ့မှ ကျောင်းသားများအား ပြန်လွှတ်ပေးရန်နှင့် ထိုသို့တရားစွဲဆိုမှုများ ဆက်လက်မပြု လုပ်ရန် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေးဆောင်ရွက်နေသည့် အသံအဖွဲ့အပါအဝင် အဖွဲ့အစည်း (၁၀)ဖွဲ့မှ အစိုးရထံသို့ ယနေ့ နိုင်ဝင်ဘာလ ၂၃ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

By အောင်ထိန် 23 Nov 2020

အောင်ထိန် | DMG
နိုဝင်ဘာ ၂၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုကြောင့် ဖမ်းဆီးခံထား ရသည့် မြန်မာပြည်အနှံ့မှ ကျောင်းသားများအား ပြန်လွှတ်ပေးရန်နှင့် ထိုသို့တရားစွဲဆိုမှုများ ဆက်လက်မပြု လုပ်ရန် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေးဆောင်ရွက်နေသည့် အသံအဖွဲ့အပါအဝင် အဖွဲ့အစည်း (၁၀)ဖွဲ့မှ အစိုးရထံသို့ ယနေ့ နိုင်ဝင်ဘာလ ၂၃ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

ကျောင်းသားများ ဖမ်းဆီးခံထားရသည့်အပေါ် လူထုအာရုံပြန်စိုက်စေရန်နှင့် ယင်းကိစ္စများအား အစိုးရအနေဖြင့် အရေးတယူဆောင်ရွက်စေလိုသည့်အတွက် တောင်းဆိုခြင်းဖြစ်ကြောင်း အသံဖွဲ့မှ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ပြောသည်။

“ရခိုင်အရေးနဲ့ပတ်သက်လို့ ဆန္ဒပြတဲ့လူတွေကို မတရားဖမ်းဆီးထားတာရှိတယ်။ တချို့တွေဆိုရင် ထောင်ဒဏ် ၇နှစ် ချမှတ်ထားတာရှိတယ်။ ဒါတောင်အမှုမပြတ်သေးဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိ ဖမ်းဆီးထားသည့် ကျောင်းသားများကို ခြွင်းချက်မရှိပြန်လွှတ်ပေးရန်၊ ရာဇာဝတ်မှုပုဒ်များနှင့် တရားစွဲဆို မှုများအား ဆက်လက်မပြုလုပ်ရန်၊ ရခိုင်နှင့် ချင်းပြည်နယ်၊ပလက်ဝမြို့နယ်တို့တွင် ကန့်သတ်ထားသည့် အင်တာနက်ကို အပြည့်အဝပြန်လည်ဖွင့်ပေးရန် အသံအဖွဲ့၊ Fortify Rights ၊ Human Rights Watch စသဖြင့် လူ့အခွင့်အရေးအဖွဲ့အစည်း (၁၀)ဖွဲ့က တောင်းဆိုကြသည်။

ထို့အပြင် တရားစွဲဆိုမှုတွင် အသုံးပြုနေသည့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လှည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ၊ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)၊ (ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ စသည့်ပုဒ်မများကို ပြန်လည်သုံးသပ်ပေးရန် လူ့အခွင့်အရေးအဖွဲ့များက တိုက်တွန်းထားသည်။

ယခုကဲ့သို့ ဆန္ဒပြကျောင်းသားများကို အစိုးရအနေဖြင့် ထောင်ချအရေးယူခြင်းသည် လွတ်လပ်စွာထုတ်ဖော် ပြောဆိုမှုကို ချိုးဖောက်ရာရောက်ကြောင်း မောင်ဆောင်းခကပြောသည်။

“ဒီလိုမျိုးဆန္ဒပြတာလေး တစ်ခုကိုတောင်မှ ပုဒ်မမျိုးစုံတပ် တရားရုံးပေါင်းစုံမှာစွဲပြီးတော့ ထောင်ဒဏ် နှစ်ချီချထားတယ်။ ဒါက လုံးဝမတရားဘူး” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်တွေမြို့ ပြည်နယ်အစိုးရရုံးရှေ့၌ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များမှ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းနောက် ဗမာနိုင်ငံလုံးဆိုင်ရာကျေုာင်းသားများသမဂ္ဂမှဦးဆောင်ပြီး မန္တလေး၊ ရန်ကုန်၊ မိတ္ထိလာ၊ မုံရွာ စသည့်မြို့နယ်များတွင် စစ်ဆန့်ကျင်ရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုများ၊ ကန်ပိန်းများ၊ ပိုစတာကပ်မှုများကို ပြုလုပ်ခဲ့ကြသည်။

ထိုသို့ပြုလုပ်သည့် ကျောင်းသားများအားဖမ်းဆီးကာ ငြိမ်းစုစီပုဒ်မ၊ ဘေးစီမံဥပဒေအပြင်၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု စသည့်ပုဒ်မများဖြင့် တရားစွဲဆိုမှုများပြုလုပ်ခဲ့သည်။

ရခိုင်အရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်သဖြင့် တရားစွဲဆိုခံခဲ့ရသူ ၆၁ ဦးရှိပြီး လက်ရှိဖမ်းဆီးခံကာ ထောင်ဒဏ်ချမှတ်ခံထားရသူ ၂၁ ဦးအထိရှိကြောင်း အသံအဖွဲ့၏စာရင်းအရ သိရသည်။

ဗီဒီယိုများ