အမုန်းစကားရပ်တန့်ရန် ရခိုင်ပြည်နယ်တွင် လှုပ်ရှားမှုပြုလုပ်

ရခိုင်ပြည်နယ် စစ်တွေမြို့၊စစ်တွေကမ်းခြေတွင် ယနေ့ မတ်လ ၁၀ ရက်၊ နံနက် ၉ နာရီခန့်က အမုန်းစကား ရပ်တန့်ရေး လှုပ်ရှားမှုတစ်ခုကို Colorful Women Organization အဖွဲ့မှဦးဆောင်ပြီး ပြုလုပ်ခဲ့သည်။

By Min Tun 10 Mar 2020

မင်းထွန်း | DMG
မတ် ၁၀၊ စစ်တွေ

ရခိုင်ပြည်နယ် စစ်တွေမြို့၊ စစ်တွေကမ်းခြေတွင် ယနေ့ မတ်လ ၁၀ ရက်၊ နံနက် ၉ နာရီခန့်က အမုန်းစကားရပ်တန့်ရေး လှုပ်ရှားမှုတစ်ခုကို Colorful Women Organization အဖွဲ့မှ ဦးဆောင်ပြီး ပြုလုပ်ခဲ့သည်။

လူမျိုးရေးကို အခြေခံသော အမုန်းစကားများ ချက်ချင်းရပ်တန့်ပေးရန်၊ ကိုးကွယ်ယုံကြည်မှုကို အခြေခံသော အမုန်းစကားများ ချက်ချင်းရပ်တန့်ပေးရန်၊ မွေးဖွားရာ နေထိုင်ရာ အရပ်ဒေသကို အခြေခံသော အမုန်းစကားများ ရပ်တန့်ပေးရန်၊ လိင်ကွဲပြားမှုကို အခြေခံသော အမုန်းစကားများ ရပ်တန့်ပေးရန်နှင့် လူအချင်းချင်း ကွဲပြားခြားနားစေသော အမုန်းစကားများ ချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြသည်။

“ဒီလို အမုန်းစကားတွေကြောင့် လူမျိုးရေး ပဋိပက္ခတွေ၊ ဘာသာရေးပဋိပက္ခတွေအထိ ဖြစ်သွားရတာတွေကို တွေ့နေရတယ်။ ဆိုရှယ်မီဒီယာမှာရောပဲပေါ့နော်။ ဒါကိုကျွန်မတို့က မဖြစ်စေချင်တဲ့အတွက် အမုန်းစကား ရပ်တန့်ရေး ကမ်ပိန်းကို လုပ်ဆောင်ရတာဖြစ်တယ်”ဟု Colorful Women Organizationမှ ဗဟိုအလုပ်အ မှုဆောင် မမီရာဇာခိုင်ကပြောသည်။

လူထုအသိုင်းအဝိုင်း ငြိမ်းချမ်းစွာနှင့် ပိုမိုကောင်းမွန်သော အသိုင်းအဝိုင်းများကို ထူထောင်နိုင်ရန်အတွက်  ပြည်သူလူထုများအနေဖြင့်အမုန်းစကားများကို ရပ်တန့်ရန်လိုအပ်ကြောင်း လှုပ်ရှားမှုတွင်ပါဝင်သူ ကိုအောင်သူရ က ပြောသည်။

“ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ မင်းကဘာလိုတယ်၊ ငါကတော့ဘာဖြစ်တယ်၊ ဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ ရှေ့ဆက်သွားဖို့လိုပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းလှုပ်ရှားမှုပွဲတွင် အမုန်းစကားများကြောင့်  မိသားစုအချင်းချင်း ဖြစ်ပွားနေသော ပဋိပက္ခများ ၊ ပတ်ဝန်းကျင် အမုန်းစကားများကြောင့် ဖြစ်ပွားလာသော ပဋိပက္ခမျာကို သရုပ်ဖော်ပြသခဲ့ကြသည်။

အဆိုပါ အမုန်းစကားရပ်တန့်ရေး လူထုလှုပ်ရှားမှုကို ကမန်၊ ဟိန္ဒူ၊ မာရမာကြီး၊ ရခိုင်၊ ခမီ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အလားတူ ယင်းလှုပ်ရှားမှုကို ရခိုင်ပြည်နယ်ရှိ တောင်ကုတ်၊ သံတွဲမြို့နယ်များအပါအဝင် (၁၇)မြို့နယ်တွင် ပြုလုပ်ခဲ့ကြသည်ဟု   Colorful Women Organization မှ သိရသည်။

ဗီဒီယိုများ