စစ်ရေးပဋိပက္ခကာလအတွင်း ရခိုင်ရှိ နိုင်ငံခြားစီမံကိန်းလုပ်ငန်းများကို ဆိုင်းငံ့ထားရန်တောင်းဆို

စစ်ရေးပဋိပက္ခကာလအတွင်း ရခိုင်ပြည်နယ်တွင် လက်ရှိလုပ်ကိုင်နေကြသည့် နိုင်ငံတကာကော်ပိုရေးရှင်း စီမံကိန်းလုပ်ငန်းများအား ရပ်တန့်ထားရန် ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့(AOW)က ဇူလိုင် ၈ ရက်နေ့တွင် အစီရင်ခံစာထုတ်ပြန် တောင်းဆိုလိုက်သည်။

09 Jul 2020

ခိုင်ရိုးလ | DMG
ဇူလိုင် ၉ ၊ စစ်တွေ

စစ်ရေးပဋိပက္ခကာလအတွင်း ရခိုင်ပြည်နယ်တွင် လက်ရှိလုပ်ကိုင်နေကြသည့် နိုင်ငံတကာကော်ပိုရေးရှင်း စီမံကိန်းလုပ်ငန်းများအား ရပ်တန့်ထားရန် ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့(AOW)က ဇူလိုင် ၈ ရက်နေ့တွင် အစီရင်ခံစာထုတ်ပြန် တောင်းဆိုလိုက်သည်။

ယင်းစီမံကိန်းများ၏ အကျိုးအမြတ်များကို ဗဟိုအစိုးရမှ ချုပ်ကိုင်ထားပြီး ဒေသခံများအတွက် တစ်စုံတစ်ရာ အကျိုးခံစားခွင့်မရှိဘဲ ဖြစ်နေသည့်အတွက်ကြောင့် ရပ်တန့်ထားရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ရခိုင်ရေနံ စောင့်ကြည့်ရေးအဖွဲ့ ဒါရိုက်တာ ကိုကျော်ခိုင်က DMG သို့ပြောသည်။

“အဓိက ရခိုင်မှာ စစ်ပွဲတွေဖြစ်နေတယ်။ ပြည်သူတွေ သေကြေဒဏ်ရာရတယ်။ အိုးအိမ်စွန့်ခွာပြေးနေရတဲ့ သူတွေ ၂ သိန်းလောက်ရှိတယ်။ ဆိုတော့ ဒီစစ်ပွဲကာလအတွင်းမှာ ရခိုင်က စီမံကိန်းတွေကလည်း ပြည်သူတွေအတွက် တစ်စုံတစ်ရာ အကျိုးခံစားခွင့်မရှိတဲ့အတွက် ဒီစီမံကိန်းကို အခုအချိန်မှာ ရပ်တန့်ထားပေးဖု့ိတောင်းဆိုတာ” ဟု ကိုကျော်ခိုင်က ဆိုသည်။

လက်ရှိတွင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ စစ်တွေနှင့် ကျောက်ဖြူမှ ရေနက်ဆိပ်ကမ်းစီမံကိန်းများ၊ ကျောက်ဖြူအထူးစီးပွားရေးဇုံနှင့် ဆက်စပ်လျက်ရှိသော ကုန်သွယ်ရေးစင်္ကြန်များ အပါအဝင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ကြေးရှိသည့် ရခိုင်ပြည်နယ်မှ စီမံကိန်းများမှာ ဒေသခံများသဘောတူမှုမရှိဘဲ တရုတ်၊ အိန္ဒိယနှင့် တောင်ကိုးရီးယားနိုင်ငံများမှ ကုမ္ပဏီများက ပြီးမြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း AOW ၏ အစီရင်ခံကဖော်ပြသည်။

“ဒီစီမံကိန်းတွေကြောင့် ကျွန်တော်တို့ရခိုင်ပြည်နယ်မှာ တစ်ခုခုဖြစ်လာတယ်။ ဖွံ့ဖြိုးလာတယ်ဆိုတာက မရှိသ လောက်ပါ။ ဒါကြောင့် စီမံကိန်းတွေကို ဗဟိုကပဲချုပ်ကိုင်ပြီး လုပ်နေတဲ့အတွက် ပြည်သူတွေအကျိုးခံစားခွင့် မရ ရှိတဲ့အပြင် ပြည်သူတွေမှာ လယ်ယာမြေဆုံးရှုံးမှု၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ဖြစ်နေတာကို တွေ့ရတယ်” ဟု ကိုကျော်ခိုင်က ပြောသည်။

ရခိုင်ပြည်နယ်မှ သဘာဝသယံဇာတများအား ပြည်သူလူထု၏သဘောဆန္ဒမပါဘဲ အတင်းအဓမ္မ တူးဖော် ထုတ်ယူနေကြခြင်း၊ စီမံကိန်းတွင် အနောက်နိုင်ငံများမှ ရေနံကော်ပိုရေးရှင်းများလည်း ပါဝင်လျက်ရှိကြောင်း AOW ၏ အစီရင်ခံစာကဆိုသည်။

ယင်းအပြင် ရခိုင်မှထွက်ရှိသော ရွှေဂတ်စ်နှင့် တခြားသဘာဝသယံဇာတများမှရရှိသော ဘဏ္ဍာငွေများမှာ ရခိုင်နှင့် တခြားတိုင်းရင်းသားဒေသများတွင် စစ်တိုက်နိုင်ရန် အစိုးရအတွက် လက်နက်ဝယ်ရာတွင် ထောက်ပံ့နေသလို ဖြစ်နေကြောင်းလည်း ယင်းအစီရင်ခံစာတွင် ပါရှိသည်။

ရခိုင်ကမ်းရိုးတန်းမှ သဘာဝဓါတ်ငွေ့များတူးဖော်ထုတ်လုပ်ကြခြင်းကို ၂၀၁၄ ခုနှစ်ကပင် နိုင်ငံခြားကုမ္ပဏီ (၁၃)ခုမှ ပါဝင်ရင်းနှီးမြှပ်နှံခဲ့ကြသည်။

Australia Woodside Energy နှင့် French Total ရေနံကုမ္ပဏီများသည် ရေနံရှာဖွေရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်လျက်ရှိပြီး အသစ်တွေ့ရှိသော သဘာဝဓါတ်ငွေ့သိုက်များမှ သဘာဝဓါတ်ငွေ့ များကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့တင်ပို့မည့် အမေရိကန်ဒေါ်လာ ဘီလီယံချီသော သဘောတူညီချက်များကို ဖော်ဆောင်လျက်ရှိသည်။

အဆိုပါ စီမံကိန်းအား အကောင်အထည်ဖော်မည့်သဘောတူညီချက်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

ယင်းစီမံကိန်းများကို ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများချုပ်ငြိမ်ပြီး ဗဟိုအစိုးရမှ ချုပ်ကိုင်မှုကိုလျော့ချကာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာသည့်အချိန်မှသာလုပ်သင့်ကြောင်း AOW မှ အစီရင်ခံစာတွင် ထောက်ပြထားသည်။

NLD အစိုးရနှင့် မြန်မာ့တပ်မတော်တို့သည် ရခိုင့်တပ်တော်(AA)အား ၂၀၁၉ ခုနှစ်ကပင် ဂျက်တိုက်လေယာဉ် များ၊ ရဟတ်ယာဉ်များ၊ စစ်သင်္ဘောများပေါ်မှ ဒုံးကျည်များဖြင့် အမြောက်အများပစ်ခတ်ကာ အပြင်းအထန် ထိုးစစ်ဆင်နွဲခဲ့ရာ၌ အရပ်သားပြည်သူများ အနည်းဆုံး(၂၅၇)ဦးသေဆုံးခဲ့ရပြီး (၅၆၀)ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း ယင်းအစီရင်ခံစာက ဖော်ပြသည်။

တိုက်ပွဲ၏အကျိုးဆက်အဖြစ် အနည်းဆုံးကျေးရွာ (၁၀)ရွာခန့် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကျေးရွာပေါင်း (၂၀၀) ကျော်မှာ စစ်ဘေးဒဏ်သင့်ကာ ရခိုင်နှင့် ချင်းပြည်နယ်တို့မှ ဒေသခံ ၂၅၀,၀၀၀ ကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ဗီဒီယိုများ