အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်မှုက စစ်ဘေးဒုက္ခသည်များ၏ စားဝတ်နေရေးကိုပိုမိုအခက်အခဲဖြစ်စေ

အခြေခံစားသောက်ကုန်များဖြစ်ကြသည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသည်တို့မှာ ဈေးနှုန်းဆက်လက်မြင့်တက်လာနေခြင်းကြောင့် စစ်ဘေးဒုက္ခသည်များ၏ စားဝတ်နေရေးကို ပိုမိုအခက်အခဲဖြစ်စေကြောင်း ရခိုင်က စစ်ဘေးဒုက္ခသည်များက ပြောဆိုသည်။

22 Sep 2021

DMG ၊ စက်တင်ဘာ ၂၂

အခြေခံစားသောက်ကုန်များဖြစ်ကြသည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသည်တို့မှာ ဈေးနှုန်းဆက်လက်မြင့်တက်လာနေခြင်းကြောင့် စစ်ဘေးဒုက္ခသည်များ၏ စားဝတ်နေရေးကို ပိုမိုအခက်အခဲဖြစ်စေကြောင်း ရခိုင်က စစ်ဘေးဒုက္ခသည်များက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဒေါ်လာဈေးမြင့်တက်မှုကြောင့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများပါ ဈေးနှုန်းမြင့်တက်လာခဲ့ပြီး ယနေ့အထိ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း စားသောက်ကုန်ပစ္စည်းရောင်းချသူများထံမှ သိရသည်။

ဆန်တစ်အိတ်လျှင် ယခင်က ငွေကျပ် ၄၇၀၀၀ ဈေးရှိခဲ့ရာမှ ယခုအခါ ၅၄၀၀၀ ကျပ်အထိမြင့်တက်ပြီး ဟင်းချို့မုန့်တပိဿာလျှင် ယခင် ၃၅၀၀ ကျပ်ရှိခဲ့ရာ ယခုအခါ ၇၀၀၀ ကျော်အထိ မြင့်တက်လျက်ရှိကြောင်းသိရသည်။

အလားတူ စားသုံးဆီတစ်စည်လျှင် ယခင်က ၃၀၀၀၀ ကျပ်ဝန်းကျင်ရှိခဲ့ပြီး ယခုအခါ ၄၀၀၀၀ ကျပ်အထိ မြင့်တက်သွားကာ တခြားစားသောက်ကုန်များလည်း ဈေးဆက်တိုက်မြင့်တက်နေသည်ဟု ဈေးဆိုင်ပိုင်ရှင်များက ပြောဆိုသည်။

မြောက်ဦးမြို့မှ ကုန်စုံဆိုင်ပိုင်ရှင်ဦးစံလင်းအောင် “ဒေါ်လာဈေးနှုန်းမြင့်တက်လာတဲ့အတွက် ကုန်ဈေးနှုန်းတွေဟာလည်း တစ်လထက်တစ်လ ပိုပြီးတော့ဈေးတက်လာတယ်။ ဈေးဆိုင်ပိုင်ရှင်တွေမှာ အရင်းအနှီးတွေလည်းပိုများသွားတယ်။ အချိုမုန့်ဆိုရင် အရင် က ၃ အိတ်ရတဲ့ပိုက်ဆံဟာ အခုတော့တစ်အိတ်ပဲ ရတော့တယ်။ ကုန်စုံဆိုင်ပိုင်ရှင်တွေမှာလည်း ဈေးနှုန်းတက်ရင်တက်သလို ရောင်းချနေရပါတယ်“ဟု ၎င်းကပြောသည်။

ကုန်ဈေးနှုန်းများမြင့်တက်လာသည့်အတွက် စစ်ဘေးရှောင်များ၏ စားဝတ်နေရေးမှာ ပိုမိုအခက်အခဲဖြစ်လာသည်ဟု ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတာဝန်ခံ ဒေါ်အေးအေးခိုင်က ပြောသည်။

“WFP က ပေးရင်လည်း ငွေပဲထောက်ပံ့ပေးတယ်။ အစိုးရဆီ ကလည်း ဆန်တစ်ခုတည်းရတယ်။ တခြားလိုအပ်တဲ့ အချိုမုန့်၊ဆား၊ ဆီကအစ အဲဒါတွေကိုဝယ်ယူဖို့အတွက်ဆိုရင်လည်း ပိုက်ဆံအခက်အခဲဖြစ်တယ်။ ဒီအတိုင်းဆက်ပြီးတော့ ဈေးတက်နေမယ်ဆိုရင် ကျမတို့စစ်ဘေးရှောင်တွေဟာ မစားပဲနေရမဲ့ အခြေအနေရောက်သွားမှာ“ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်များ၏အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် အစိုးရများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းပေးရန်လိုအပ်သည်ဟု မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ ဦးညီပုကဆိုသည်။

“ကုန်ဈေးနှုန်းတွေလည်းမြင့်တက်။ ဝယ်သုံးစရာ ငွေမရှိကြဘူး။ တကယ်လို့သာ အလုပ်အကိုင်ရှိမယ်ဆိုရင်တော့ နည်းနည်းခံသာသေးတယ်ပေါ့နော်။ ကျနော်တို့တောင်းဆိုချင်တာကတော့ သက်ဆိုင်တဲ့လူတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာပေးဖို့ တောင်းဆိုချင်ပါတယ်“ဟု ၎င်းကဆိုသည်။

ကုန်ဈေးနှုန်းများမှာ တစ်လထက်တစ်လ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ဆိုင်ပိုင်ရှင်များအနေဖြင့်လည်း ဈေးရောင်းချမှုအပိုင်းတွင် အခက်အခဲဖြစ်သလို ဝယ်ယူစားသောက်သူများလည်း နည်းပါးလာသည်ဟု မြောက်ဦးမြို့မှ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်စိုးနှင်းရီကပြောသည်။

“ဒီကာလမှာက ငွေကြေးအနေနဲ့လည်း ကြပ်တည်းကြတယ်။ ကုန်ဈေးနှုန်းတွေဟာလည်း ဈေးမကျပဲ တက်ပဲတက်နေတယ်ဆိုတော့ စားသုံးသူတွေဟာ အရင်လိုမဝယ်နိုင်ကြတော့ဘူး။ အရင်လို များများစားစားမဝယ်ကြတော့ဘူး။ ဆိုတော့ ကျမတို့မှာ အရောင်းနည်းသွားတာပေါ့နော်။ ကျမတို့ဆိုင်ပိုင်ရှင်တွေဟာလည်း အရင်းအနှီးအများကြီး မစိုက်နိုင်တော့ဘူးဖြစ်လာတယ်“ ဟုဆိုသည်။

မြန်မာနိုင်ငံတွင် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများအပြင် အခြားလူသုံးကုန်ပစ္စည်းများအားလုံး ဈေးမြင့်တက်လျက်ရှိနေသည်။

ဗီဒီယိုများ