စစ်တွေနှင့် တောင်ကုတ်မှ ဖမ်းဆီးခံထားရသူလေးဦးအား AA အမာခံဟု တပ်မတော်ထုတ်ပြန်ချက် စွပ်စွဲချက်သာဖြစ်ကြောင်း မိသားစုဝင်များပြော

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သိန်းတန်ကျေးရွာမှ ဖမ်းဆီးခံရသည့် ဒေသခံနှစ်ဦးမှာ ရက္ခိုင့်တပ်တော်(AA)၏ အမာခံများဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်ချက်အား မိသားစုဝင်များက ငြင်းဆိုလိုက်သည်။

By အောင်ထိန် 04 Oct 2020

အောင်ထိန် | DMG
အောက်တိုဘာ ၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သိန်းတန်ကျေးရွာမှ ဖမ်းဆီးခံရသည့် ဒေသခံနှစ်ဦးမှာ ရက္ခိုင့်တပ်တော်(AA)၏ အမာခံများဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်ချက်အား မိသားစုဝင်များက ငြင်းဆိုလိုက်သည်။

စစ်တွေမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်တပ်ဖွဲ့များသည် ဒေသခံအချို့၏ သတင်းပေးချက်များအရ အောက်တိုဘာလ ၁ ရက်နေ့တွင် သိန်းတန်ကျေးရွာအတွင်း လိုအပ်သောရှာဖွေ စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင့် တပ်မတော်က ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်သို့ရှာဖွေစစ်ဆေးရာ၌ သိန်းတန်ကျေးရွာမှ ဦးကျော်မောင်(၄၄)နှစ်နှင့် ဦးဝင်းဌေး(၄၄)နှစ်တို့သည် ဆက်ကြေးနှင့်ရိက္ခာများကောက်ခံကာ AA အဖွဲ့ထံသို့ ပို့ဆောင်နေသူများဖြစ်ကြောင်း အထောက်အထား များနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု တပ်မတော်၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖမ်းဆီးခံထားရသူနှစ်ဦးမှာ AA အမာခံမဟုတ်ကြောင်းနှင့် AA နှင့်ဆက်စပ်မှုလည်းမရှိကြောင်း မိသားစုဝင်များက ပြောသည်။

“ကျွန်မမောင်လေး အေအေနဲ့ပတ်သက်လို့ ဘာတစ်ခုမှလည်းမလုပ်ဘူး။ လုပ်တာလည်းမရှိ။ အဲဒါက သူတို့က (တပ်မတော်)စွပ်စွဲချက်သာဖြစ်တယ်” ဟု ဖမ်းဆီးခံရသူ ဦးကျော်မောင်၏ညီမဖြစ်သူ ဒေါ်ရီရီဝင်းက ဆိုသည်။

စစ်တွေမြို့နယ်ရှိ ခမရ ၃၅၃ တပ်ရင်းမှ တပ်မတော်သားအင်အား ၅၀ ခန့်သည် အဆိုပါကျေးရွာသို့ ဝင်ရောက် ကာ ဦးကျော်မောင်(၄၄)နှစ်နှင့် ဦးဝင်းဌေး(၄၄)နှစ်တို့ကို စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွား သည်ဟု မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသူထဲမှ ဦးကျော်မောင်မှာ သုံးဘီးဆိုင်ကယ်မောင်းနေသူတစ်ဦးဖြစ်ပြီး ဦးဝင်းဌေးမှာ လက်သမား အလုပ်ကို လုပ်ကိုင်နေသူများဖြစ်ကြောင်း မိသားစုဝင်များက ဆိုကြသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးအား စစ်တွေမြို့အမှတ်(၂)ရဲစခန်းသို့ လွှဲပြောင်းထားပြီး မိသားစုဝင်များက သွားရောက်ခဲ့သော်လည်း တွေ့ခွင့်မရခဲ့ဘဲ လိုအပ်သည့်စားနဲ့ရိက္ခာများကိုသာ ပေးထားခဲ့ရကြောင်း မိသားစုဝင် များထံမှ သိရသည်။

ထို့အပြင် အောက်တိုဘာလ ၁ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ ပဒါကျေးရွာမှ မောင်ရွှေကျီ(ခ)မင်းဆန်းမွန်း (၂၄)နှစ်နှင့် ဦးညီမောင်ချေ(၃၁)နှစ်တို့ကို စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ တပ်မတော်သားတချို့က ခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့နှစ်ဦးမှာလည်း ဆက်ကြေးနှင့်ရိက္ခာများကောက်ခံကာ AA အဖွဲ့ထံသို့ ပို့ဆောင်နေသူများဖြစ်ကြောင်း တပ်မတော်၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“သူတို့တွေက နှိပ်စက်တာမခံနိုင်လို့ ကြောက်လန့်ပြီးဖြေတာလို့ပဲထင်တယ်။ ဒါတွေက စွပ်စွဲတဲ့ အဆင့်လောက်ပဲဖြစ်တယ်။ ကျွန်မယောကျ်ားဟာ အဲ့လိုပတ်သတ်မှုမျိုးမရှိဘူး” ဟု ဖမ်းဆီးခံထားရသူ ဦးညီမောင်ချေ၏ဇနီး ဒေါ်ရီရီသိန်းက ပြောသည်။

ပဒါကျေးရွာမှဖမ်းဆီးထားသူနှစ်ဦးအား လက်ရှိမှာ အမ်းမြို့နယ်သို့ ခေါ်ဆောင်သွားသည်ဟု သိရကြောင်း မိသားစုဝင်များက ပြောဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများကို သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံထားပြီး တရားဥပဒေအရ အရေးယူ နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ