စစ်တွေမြို့တွင် ရဲတပ်ကြပ်ကြီးတစ်ဦး လုပ်ကြံခံရ၍သေဆုံး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရဲတပ်ကြပ်ကြီးတစ်ဦးအား အမည်မသိလူနှစ်ဦးမှ ဓားဖြင့်ထိုးသတ်မှု ဇွန်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည်။

By အောင်ထိန် 30 Jun 2020

အောင်ထိန် | DMG
ဇွန် ၃၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရဲတပ်ကြပ်ကြီးတစ်ဦးအား အမည်မသိလူနှစ်ဦးမှ ဓားဖြင့်ထိုးသတ်မှု ဇွန်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ထိုသို့ လုပ်ကြံခံရသူမှာ စစ်တွေမြို့ အမှတ်(၁)ရဲစခန်းတွင် တာဝန်ကျနေသည့် ရဲတပ်ကြပ်ကြီး မောင်မောင်သန်း ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဇွန်လ ၂၉ ရက်နေ့ ည ၈ နာရီခွဲခန့်က စစ်တွေမြို့၊ မကျည်းမြိုင်အကွက် ၃ ရပ်ကွက်ရှိ ၎င်း၏နေအိမ်ရှေ့တွင် အမည်မသိနှစ်ဦးမှ ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူ ဒေါ်ဌေးဌေးဝင်းက DMG သို့ ပြောသည်။

“အဲဒီလူနှစ်ယောက်က အနောက်ကနေ သံတုတ်နဲ့အရင်ဆုံးရိုက်တယ်။ ကျမသမီးလေးက ဖေဖေကို ဘာလုပ် နေကြလဲလို့အော်တယ်။ ကျမထွက်ကြည့်လိုက်တော့ ဓားနဲ့ထိုးနေကြတယ်”ဟု ဒေါ်ဌေးဌေးဝင်းက ပြောသည်။

ထိုသို့လုပ်ကြံခံရမှုကြောင့် တပ်ကြပ်ကြီး မောင်မောင်သန်းမှာ ဝမ်းဗိုက်၊ နံဘေးနှင့် ရင်ဘက်တို့တွင် ဓားဒဏ်ရာ ၇ ချက်ရရှိခဲ့ကာ စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။။

သေဆုံးသူတပ်ကြပ်ကြီး မောင်မောင်သန်း၏ ရုပ်အလောင်းကို ယနေ့(ဇွန်လ ၃၀ ရက်) နေ့လည်ပိုင်းတွင် စစ်တွေဆေးရုံမှ မကျည်းမြိုင်ရပ်ကွက်သို့ ယူဆောင်သွားမည်ဖြစ်ကာ ဇူလိုင်လ ၁ ရက်နေ့ နေ့လည် ၂ နာရီတွင် မီးသင်္ဂြိုလ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့အမှတ်(၁)ရဲစခန်းမှူး ဒုရဲမှူးအောင်မြဦးကို DMG မှ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုခြင်း မရှိခဲ့ပါ။

မေလ ၂၅ ရက်နေ့ နံနက်ပိုင်းကလည်း စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်သည်လည်း နေအိမ်မှထွက်လာပြီး မောလိပ်ရပ်ကွက်မှ ကွမ်းယာဆိုင်တွင် ကွမ်းဝယ်နေစဉ် အမည်မသိလူ ၄ ဦးမှ ဓားဖြင့်ထိုးသတ်ခဲ့သဖြင့် သေဆုံးသွားခဲ့သည်။

စစ်တွေမြို့ပေါ်တွင် ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခံရမှုများရှိနေသဖြင့် ဒေသခံပြည်သူများမှာ လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိနေကြသည်။

ဗီဒီယိုများ