စစ်တွေမြို့တွင် အပြင်ထွက်ကတ်ပြားမရှိဘဲ သွားလာ‌နေသူများအား အရေးယူတော့မည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် Covid-19 ရောဂါကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန်တွက် အောက်တိုဘာလ ၇ ရက်နေ့မှစ၍ အပြင်ထွက်ကတ်ပြားမရှိဘဲ သွားလာသူများကို အရေးယူသွားမည် ဖြစ်ကြောင်း စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

02 Oct 2020

ခင်သရဖီဦး | DMG
အောက်တိုဘာ ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် Covid-19 ရောဂါကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန်တွက် အောက်တိုဘာလ ၇ ရက်နေ့မှစ၍ အပြင်ထွက်ကတ်ပြားမရှိဘဲ သွားလာသူများကို အရေးယူသွားမည် ဖြစ်ကြောင်း စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

စစ်တွေမြို့နယ်၌ မိမိနေအိမ်မှ အပြင်သို့ဈေးဝယ်ခြင်း၊ ကျန်းမာရေးကိစ္စများအတွက် သွားလာခြင်း၊ မဖြစ်မနေ ထွက်ခွာရသူများအတွက် စီစစ်ထောက်ခံချက်များ၊ အပြင်ထွက်ကတ်ပြားများအား ရပ်ကွက်အုပ်ချူပ်ရေးမှူးများ ထံမှ ထုတ်ယူရမည်ဖြစ်ကြောင်း သက်ဆိုင်ရာက စက်တင်ဘာ ၃၀ ရက်နေ့က အသိပေးခဲ့သည်။
အဆိုပါ ထောက်ခံချက် (သို့မဟုတ်) အပြင်ထွက်ခွင့်ကတ် မပါရှိပါက အောက်တိုဘာ ၂ ရက်နေ့မှ ၉ ရက်နေ့ အတွင်းမှာ ငွေ ၁ သောင်းကျပ်အား ဒဏ်ငွေအဖြစ် ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ၎င်းနေ့နောက်ပိုင်းမှစ၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာ ထားသည်။

သို့သော်လည်း အပြင်ထွက်ကတ်ပြုလုပ်ရာတွင် အချိန်နှောင့်နှေးသွားသည့်အတွက် အောက်တိုဘာလ ၇ ရက် နေ့တွင်သာ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ပြောသည်။

“အရင်တုန်းကတော့ ကျနော်က အုပ်ချုပ်ရေးမှူးတွေကို တာဝန်ပေးလိုက်တယ်။ ကတ်တွေ ကိုယ့်ဟာကိုယ် လုပ်ပါပေါ့။ ဒါပေမဲ့စည်းကမ်းမကျဘူး၊ ဖောင်းပွနေတာတွေရှိတယ်။ အဲဒါကြောင့် ခင်ဗျားတို့မလုပ်တော့နဲ့ ကျနော် ရုံးကပဲဦးစီးပြီးတော့ လုပ်ပေးမယ်ဆိုပြီးတော့ ဆိုင်မှာအပ်လိုက်တယ်။ အပ်တဲ့အချိန်မှာ ဆိုင်ကအပြီးမလုပ်ပေး နိုင်ဘူး။ အနည်းဆုံး ၅ ရက်နေ့လောက်မှ ရမှာဆိုတော့ ၆ ရက်နေ့လောက်မှ အုပ်ချုပ်ရေးမှူးတွေကို ပေးနိုင်မှာ ဖြစ်တယ်။ အဲဒီတော့  ဖမ်းဆီးမှုတွေ၊ ဒဏ်ရိုက်တာတွေကို ၇ ရက်နေ့လောက်မှ စလုပ်မယ်” ဟု ၎င်းက ရှင်းပြသည်။

သို့ဖြစ်၍ သက်ဆိုင်ရာတာဝန်ရှိသူများက အဖွဲ့သုံးဖွဲ့ခွဲကာ မြို့ကိုလှည့်ပတ်သွားလာပြီး ဖမ်းဆီးစစ်ဆေး သွားမည်ဖြစ်ကာ အောက်တိုဘာလ ၇ ရက်နေ့မှ အောက်တိုဘာ ၁၄ ရက်နေ့အထိ ငွေဒဏ် (၁၀၀၀၀) ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း ၎င်း‌နောက်က်ပိုင်း လိုက်နာမှုမရှိသူများအား ပြစ်ဒဏ်ထပ်တိုးသွားဖြစ်ကြောင်း ဦးအောင်ဇော်ဦးက ဆိုသည်။

အဆိုပါ အပြင်ထွက်ခွင့်ကတ်များကို ရပ်ကွက်အလိုက်ကျော်ဖြတ်ရာတွင် အသုံးပြုနိုင်မည်မဟုတ်ဘဲ ဆေးခန်းနှင့် ဈေးဝယ်ရမည့်အချိန်မှာသာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဦးအောင်ဇော်ဦးထံမှသိရသည်။

“ဈေးဝယ်ခွင့်ကတ်က အိမ်ထောင်စုတစ်ခုကို တစ်ကတ်ထုတ်ပေးမယ်။ အိမ်ထောင်စုတိုင်းကို ထုတ်ပေးမယ်။ ဒါက မဖြစ်မနေဝယ်ရမယ့်ကိစ္စကိုး ဒါပေမဲ့ဈေးဝယ်ခွင့်အတွက်ပဲ။ ကျန်တဲ့နေရာတွေကို သွားလို့မရဘူး။ ကျန်တဲ့ အိမ်ထောင်စုတွေကိုလည်း လွှဲပြောင်းပေးလို့မရဘူး။ ဆေးခန်းပြချင်လည်း ဆေးခန်းကတ်ကိုကိုင်ပြီး သွားရမယ်” ဟု ၎င်းက ဆက်၍ဆိုသည်။

ထို့အပြင် ဝန်ထမ်းများအနေဖြင့် ရုံးချိန်အတွင်းသာ ဝန်ထမ်းကတ်ဖြင့် သွားလာနိုင်ကြောင်းနှင့် လက်လုပ်လက်စားများ၊ ဈေးရောင်းချနေသူများမှာတွင်မူ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာ ဖြင့်သာ သွားလာလုပ်ဆောင်ရမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။

ယခုကဲ့သို့ ကန့်သတ်ရခြင်းမှာ ဗဟိုကျန်းမာရေးဌာနနှင့် အစိုးရအဖွဲ့က ကိုဗစ်မထိန်းချုပ်နိုင်ခြင်းနှင့်ပတ်သက်ပြီး အကြုံပြုလာသည့်အတွက် လုပ်ဆောင်ခြင်းဖြစ်ကာ ကူးစက်မှုအခြေအနေ ထိန်းချုပ်နိုင်သည့်အချိန်ထိ ဆောင်ရွက်သွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် အောက်တိုဘာလ ၁ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာပေါင်း ၁၅၃၉ ဦးအထိ ရှိလာနေပြီး သေဆုံးသူ ၄ ဦးနှင့် ဆေးရုံဆင်းခွင့်ရသူ ၁၁၀၀ ဦးရှိကြောင်း COVID -19 စောင့်ကြည့်ရေးအဖွဲ့မှသိရသည်။

ဗီဒီယိုများ