စစ်တပ်ကဖမ်းဆီးခဲ့သည့် စစ်တွေဒေသခံသုံးဦးကို မှောင်ရိပ်ခိုမှုဖြင့် ပြစ်ဒဏ်ချမှတ်

စစ်တပ်ကဖမ်းဆီးခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ဒေသခံသုံးဦးကို ယမန်နေ့(သြဂုတ်လ ၅ ရက်)တွင် မှောင်ရိပ်ခိုမှုဖြင့် စစ်တွေခရိုင်တရားရုံးမှ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း မိသားစုဝင်များထံမှသိရသည်။

06 Aug 2022

DMG ၊ ဩဂုတ် ၆

စစ်တပ်ကဖမ်းဆီးခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ဒေသခံသုံးဦးကို ယမန်နေ့(သြဂုတ်လ ၅ ရက်)တွင် မှောင်ရိပ်ခိုမှုဖြင့် စစ်တွေခရိုင်တရားရုံးမှ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း မိသားစုဝင်များထံမှသိရသည်။

ထိုသို့ပြစ်ဒဏ်ချမှတ်ရာတွင် ဦးမောင်ရွှေသိန်း(၄၄)နှစ်နှင့် ကိုမောင်မောင်မျိုးဦး(၂၄)နှစ်တို့ကို မှောင်ရိပ်ခိုမှု ဥပဒေပုဒ်မ- ၆၁(ခ)ဖြင့် ထောင်ဒဏ်တစ်လချမှတ်ခဲ့ပြီး မောင်ဖြိုးငွေစိုး(၁၇)နှစ်ကို အသက်မပြည့်သေး၍ ဒဏ်ငွေတစ်သိန်းဆောင်ခိုင်းခဲ့ကြောင်း သိရသည်။

၎င်းတို့သုံးဦးကို ဩဂုတ်လ ၄ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် စစ်တွေမြို့ မင်းဂံအကွက်(၈)ဈေးအနီးမှ စစ်တပ်ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဦးမောင်ရွှေသိန်း၏ ဇနီး ဒေါ်စန်းစန်းက “စစ်တပ်က မင်းဂံရဲစခန်းမှာ အပ်ခဲ့တယ်။ မင်းဂံရဲစခန်းကနေ မြို့မအမှတ်(၁)ရဲစခန်းကိုပို့တယ်။ အဲတော့ ညက မြို့မရဲစခန်းကနေ ရုံးတင်တယ်။ ထောင်ဒဏ် တစ်လချလိုက်တယ်။ ကလေးကတော့ အသက်မပြည့်လို့ ဒဏ်ငွေတစ်သိန်းဆောင်ပြီးလွှတ်လိုက်တယ်”ဟု DMG သို့ ပြောသည်။

ယခုကဲ့သို့ ရပ်ကွက်အတွင်းနေထိုင်သူများကို ဖမ်းဆီးကာ မှောင်ရိပ်ခိုမှုဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းမှာ မဖြစ်သင့်ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် မင်းဂံရပ်ကွက်တွနေထိုင်သူတစ်ဦးကဆိုသည်။

“အခုလိုမျိုး မှောင်ရိပ်ခိုမှုနဲ့ ထောင်ဒဏ်ချမှတ်ခံရတာကတော့ မဖြစ်သင့်တဲ့ ကိစ္စပါ။ အခုကျတော့ မီးက အမြဲတမ်းလိုလိုပြတ်နေတဲ့ အချိန်တွေလည်းရှိတယ်လေ။ ညဘက်တွေဆိုရင်လည်း မှောင်နေတဲ့အချိန်တွေလည်း ရှိတယ်လေ။ ကိုယ့်အိမ်နားမှာ သွားချင်ရင်လည်း သွားနေမယ်။ ကိစ္စတစ်ခုခုကြောင့် သွားချင်လည်း သွားနိုင်တယ်ပေါ့။ အဲဒါကို မှောင်ရိပ်ခိုတယ်ဆိုပြီး ထောင်ဒဏ်ချတာဟာ ပြည်သူတွေကြောက်စိတ်ဝင်အောင် ခြိမ်းခြောက်နေတယ်လို့ ကျနော်မြင်တယ်”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ကလည်း စစ်တွေမြို့ ဓညဝတီရပ်ကွက်တွင်နေထိုင်သူနှစ်ဦးကို မြန်မာစစ်တပ်ကဖမ်းဆီးခဲ့ပြီး မှောင်ရိပ်ခိုမှုဥပဒေပုဒ်မ-၆၁(ဂ)ဖြင့် တရားစွဲဆိုခဲ့သဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခံခဲ့ရသည်။

ဗီဒီယိုများ