စစ်တွေတွင် မြန်မာစစ်တပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရပြီးနောက် ရပ်ကွက်တချို့ကို တင်းကျပ်စွာ စစ်ဆေးနေ

စစ်တွေမြို့တွင် ယနေ့(ဇွန်လ ၂၃ ရက်)၊နေ့လယ် ၂ နာရီခန့်က မြန်မာစစ်တပ်မှ  ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးနှင့် စစ်သားတစ်ဦးတို့ကို  ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီးနောက် မြို့ပေါ်ရပ်ကွက်တစ်ချို့ကို မြန်မာ စစ်တပ် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်တို့က တင်းကျပ်စွာစစ်ဆေးနေကြောင်း သိရသည်။

23 Jun 2022

DMG ၊ ဇွန် ၂၃

စစ်တွေမြို့တွင် ယနေ့(ဇွန်လ ၂၃ ရက်)၊နေ့လယ် ၂ နာရီခန့်က မြန်မာစစ်တပ်မှ  ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးနှင့် စစ်သားတစ်ဦးတို့ကို  ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီးနောက် မြို့ပေါ်ရပ်ကွက်တစ်ချို့ကို မြန်မာ စစ်တပ် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်တို့က တင်းကျပ်စွာစစ်ဆေးနေကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ဗိုလ်ကြီးမှာ  စစ်တွေမြိုရှိ  ၃၅၄ တပ်ရင်းဖြစ်ပြီး မင်းဂံရပ်ကွက်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ အခြားစစ်သားတစ်ဦးမှာလည်း အနောက်စံပြရပ်ကွက်ရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်တွင် ဆိုင်ကယ်ပြင်နေစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ခိုင်လုံသည့်သတင်းရင်းမြစ်များက ပြောသည်။

ထိုသို့ တပ်ဖွဲ့ဝင်နှစ်ဦးဖမ်းဆီးခံရပြီးနောက် မြန်မာစစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ အင်အား အများအပြား ဖြင့် အနောက်စံပြရပ်ကွက်အတွင်း ဝင်ရောက်စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ကို DMG က မြင်တွေ့ခဲ့ရ သည်။

စစ်တွေမြို့အတွင်း ယခုကဲ့သို့ လှုပ်လှုပ်ရှားရှားဖြစ်ပွားမှုများရှိသဖြင့် စာသင်ကျောင်းများနှင့် မြို့မဈေးကြီးကို နေ့လယ်ပိုင်း ပိတ်ထားကြောင်းသိရသည်။ယင်းအပြင် နေ့လယ် ၂ ရီခန့်ကမှစ၍ စစ်တွေမြို့ အဝင်၊ အထွက် ဂိတ်များကို မြန်မာစစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်တို့ပူးပေါင်းနေရာယူထားပြီး ဖြတ်သွား၊ဖြတ်လာ ဒေသခံများကို တင်း ကျပ်စွာ စစ်ဆေးလျက်ရှိသည်ဟု သိရသည်။

ယင်းကဲ့သို့ စစ်ဆေးရေးတင်းကျပ်နေသောကြောင့် စစ်တွေမြို့ရှိ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ စစ်တွေ မြို့အထွက်တွင်ရှိသည့် မြန်မာစစ်တပ် တပ်ထိန်းဂိတ်အထိ မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းနေရသည်ကို လည်း DMG က တွေ့ခဲ့ရသည်။  

စစ်တွေမြို့အတွင်း စစ်ကောင်စီတပ်သားများ စစ်ဆေးမှုများ လုပ်ဆောင်နေသောကြောင့်  ကျောက်တော်၊ မြောက်ဦး၊ပုဏ္ဏားကျွန်းတို့မှာကဲ့သို့ ဒေသခံများအဖမ်းခံရမည်ကို မြို့ခံများ စိုးရိမ်ကြောက်လန့်လျက်ရှိကြသည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့နှစ်ဖက် စစ်ရေးတင်းမာနေပြီး မြန်မာစစ်တပ်ဖက်မှ အရပ်သားများအား ဖမ်းဆီးမှုရှိနေသလို AA မှဖက်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုများလုပ်ဆောင် လျက်ရှိသည်။

ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်(AA)မှလုပ်ဆောင်နေသည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စရပ်များတွင် ဝင်ရောက်မနှောင့်ယှက်ရန် သတိပေးထားသော်လည်း မြန်မာစစ်တပ်မှဆက်လက်လုပ်ဆောင်နေမှုကြောင့် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုအားနည်းလာပြီး ယင်းအကျိုးဆက်သည်  အပြန်အလှန်ဖမ်းဆီးမှု သို့ရောက်ရှိ လာခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်များက ပြောဆိုကြသည်။

ထိုသို့ ဖမ်းဆီးဖမ်းဆီးရာ၌ ရက္ခိုင့်တပ်တော်(ULA/AA)သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များအား ဖမ်းဆီးသော်လည်း မြန်မာစစ်တပ်မှ ဒေသခံပြည်သူများကိုသာ ဖမ်းဆီးနေသည်ကိုတွေ့မြင်နေရသည်ဟု ရခိုင်ဝါရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းက ပြောသည်။

“အစိုးရတစ်ရပ်မှာ တကယ်တမ်းကျတော့ အဲဒီလိုလုပ်လို့မရဘူး။ပြည်သူကိုငဲ့ညှာရတယ်။ပြည်သူဖက်က ရပ်တည်ရတယ်။အခုစစ်ကောင်စီလုပ်နေတာက အဲလိုမဟုတ်ဘူး။တွေ့တဲ့လူမြင်တဲ့လူကိုဖမ်းမယ်။မင်းက အေအေလုပ်တယ်။မင်းမလုပ်ရင် မင်းအဖေလုပ်တယ်ဒီလိုမျိုးပေါ့။အဲဒီလိုပုံစံမျိုးနဲ့လက်စားချေနေတဲ့ပုံစံမြင်နေ ရတယ်။အဲဒါကတော့ မဖြစ်သင့်ဘူးလို့မြင်တယ်။ဒီလိုလုပ်တဲ့အတွက် ULA/AAက ဖမ်းဆီးထာတွေရပ်တန့်သွား မယ်လို့မမြင်ဘူး။”ဟု ဦးဖေသန်းက ပြောသည်။

ယခုလအတွင်းတွင် မြန်မာစစ်တပ်သည် ပုဏ္ဏားကျွန်း၊မြောက်ဦး၊ကျောက်တော်မြို့တို့မှ ဒေသခံ ၅၀ ခန့်ကို ဖမ်းဆီးထားလျက်ရှိပြီး ရက္ခိုင့်တပ်တော်ဘက်ကလည်း မြန်မာစစ်သားနှင့်ရဲတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းထားသည်။

ဗီဒီယိုများ