စစ်တွေ၌ ကိုဗစ်ပိုးတွေလူနာနှင့် ထိတွေ့မှုမရှိသူ ၃ ဦးတွင် Covid-19 ပိုးတွေ့ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ပိုးတွေ့လူနာ CB ဘဏ်ဝန်ထမ်းအမျိုးသမီးနှင့် ထိတွေ့မှုမရှိသူ ၃ ဦးတွင် Covid-19 ပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ထံမှ သိရသည်။

By ကျော်သူဌေး 19 Aug 2020

ကျော်သူဌေး | DMG
သြဂုတ် ၁၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ပိုးတွေ့လူနာ CB ဘဏ်ဝန်ထမ်းအမျိုးသမီးနှင့် ထိတွေ့မှုမရှိသူ ၃ ဦးတွင် Covid-19 ပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ထံမှ သိရသည်။

ယခုပိုးတွေ့ရှိသည့်လူနာတစ်ဦးမှာ အသက် ၂၃ နှစ်အရွယ်ရှိ ပေါက်တောမြို့မှဖြစ်ပြီး လက်ရှိတွင် စစ်တွေမြို့ မိဇံကမ်းနားလမ်းရပ်ကွက်တွင်နေထိုင်သူ NGO ဝန်ထမ်းတစ်ဦးဖြစ်ကာ ကျန်နှစ်ဦးမှာ CB ဘဏ် ဝန်ထမ်း နှစ်ဦး၏ မိခင်များဖြစ်ကြောင်း ဒေါက်တာဇော်လွင်က ပြောသည်။

“မိဇံကလူနာကတော့ မနေ့ကဖျားတယ်။ နှာခေါင်းက အနံ့မရဘူးဆိုပြီးတော့ ဆေးရုံကိုလာတယ်ပေါ့။ ကျွန်တော် တို့က သူ့ကိုသံသယလူနာအဖြစ်နဲ့စောင့်ကြည့်ထားတဲ့သူဖြစ်တယ်။ CB ဘဏ်ဝန်ထမ်းနဲ့ ဆက်စပ်မှု မရှိဘူး။ ကျန်နှစ်ဦးကတော့ CB ဘဏ်ဝန်ထမ်းတွေရဲ့အမေတွေ။ သူတို့က အိမ်မှာ စောင့်ကြည့်ထားတာပါ” ဟု ဒေါက်တာ ဇော်လွင်က ပြောသည်။

လက်ရှိတွင် ၎င်းတို့သုံးဦးနှင့်ဆက်စပ်သူများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေါက်တာဇော်လွင်က ဆက်လက်ပြောသည်။

လက်ရှိ စစ်တွေမြို့တွင် ပိုးတွေလူနာနှင့်ထိတွေ့ခြင်းမရှိဘဲ COVID-19 ကူးစက်ခံရသူ လေးဦးအထိ ရှိလာနေပြီ ဖြစ်ပြီး ထိုသို့ကူးစက်မှုများ ရှိလာသည့်အပေါ် ဒေသခံများက စိုးရိမ်လျှက် ရှိနေကြသည်။

“သေချာတာတစ်ခုကတော့ ဒီရောဂါပိုးက ရခိုင်ပြည်ထဲမှာ စုံစမ်းဖော်ထုတ်လို့မရဘဲ ရှိနေတယ်ဆိုတဲ့ အနေ အထားကို ပြသနေတယ်။ ဒါကြောင့် ကျနော်တို့စိုးရိမ်မိတယ်”ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။

ရခိုင်ပြည်နယ်တွင် Covid-19 ပိုးတွေ့လူနာ ၂၀ ဦးအထိ ရှိလာနေပြီး ယခင်က ပိုးတွေ့ရှိသူ ၁၆ ဦးမှာ ရောဂါ ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းသွားခဲ့ပြီးဖြစ်ကာ လက်ရှိတွင် အသစ်တွေ့ရှိသည့် ပိုးတွေ့လူနာ ၄ ဦးကို စစ်တွေဆေးရုံတွင် ဆေးကုသလျှက်ရှိသည်။

ဗီဒီယိုများ