စစ်တွေတွင် ကိုဗစ်လူနာသစ်တစ်ဦးတွေ့ရှိပြီးနောက် ဒေသခံများစိုးရိမ်မှုရှိလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးသင်္ဘောဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ပြန်လာသူတစ်ဦးထံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း ဇွန်လ ၂၃ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

By ကျော်သူဌေး 24 Jun 2020

ကျော်သူဌေး | DMG
ဇွန် ၂၄ ၊ စစ်တွေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးသင်္ဘောဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ပြန်လာသူတစ်ဦးထံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း ဇွန်လ ၂၃ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူမှာ ဇွန်လ ၂၁ ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိလာကာ Strand Hotel တွင် အသွားအလာ စောင့်ကြည့်ထားသူဖြစ်သည်။

လက်ရှိမှာ ယင်းလူနာအမှတ်(၂၉၂)နှင့် ထိတွေ့ခဲ့သူ ၁၂ ဦးကို အသွားအလာစောင့်ကြည့်ထားကာ ဈေးဆိပ်မှ ဟိုတယ်သို့ ဆိုင်ကယ်ဖြင့်လိုက်ပါပို့ဆောင်ခဲ့သည့် နှစ်ဘီးဆိုင်ကယ်မောင်းသူတစ်ဦးအား ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းအထိ ရှာမတွေ့သေးကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“နယ်စပ်ကုန်သွယ်ရေးသွားတဲ့သင်္ဘောနဲ့ လမ်းကြံုံလိုက်လာတယ်။ (၂၁)ရက်နေ့က စစ်တွေကိုရောက်တယ်။ ကျနော်တို့စုံစမ်းရသလောက် သူက ရောက်တဲ့နေ့ကတည်းက ဟိုတယ်ကိုတန်းဝင်တယ်လို့ ပြောတယ်” ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောသည်။

အဆိုပါ လူနာအမှတ်(၂၉၂)နှင့် ထိတွေ့ခဲ့သည့် သင်္ဘောပေါ်ပါလာသူ ၈ ဦး၊ ဟိုတယ်မှ ၃ ဦးနှင့် သင်္ဘောပေါ်မှ ဆိပ်ကမ်းသို့ပို့ဆောင်ခဲ့သည့် စက်လှေမောင်းသူတစ်ဦးတို့ကို အသွားအလာစောင့်ကြည့်ထားသည်။

ယင်းသို့ စောင့်ကြည့်ထားသူ ၁၂ ဦး၏ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် နမူနာများကိုယူကာ ရန်ကုန်မြို့ အမျိုးသားဓာတ်ခွဲဌာနသို့ပို့ရန် လုပ်ဆောင်နေကြောင်း ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

လက်ရှိလူနာအမှတ်(၂၉၂)မှာ စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိပြီး ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူများကို စစ်တွေတိုင်းရင်းဆေးရုံတွင် စောင့်ကြည့်ထားကြောင်း သိရသည်။
စစ်တွေတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာရှိလာသဖြင့် ဒေသခံများမှာ စိုးရိမ်မှုများရှိနေကြသည်။

စစ်တွေဆေးရုံဝင်းအတွင်း ဈေးရောင်းနေသူ ဒေါ်မဲချေက “အဲဒီရောဂါက ကူးစက်မြန်တယ်။ ပြီးတော့ ဆေးကုလို့ မရဘူးလို့ကြားတယ်။ အဲဒါကြောင့် ပိုပြီးစိုးရိမ်တယ်။ ကျမက ဆေးရုံမှာ ဈေးရောင်းနေတဲ့သူဆိုတော့ သူများတွေထက် ပိုပြီးတော့စိုးရိမ်ရတယ်” ဟု ပြောသည်။

ရခိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာမှာ (ယနေ့ ဇွန် ၂၄)ရက်နေ့အထိ စစ်တွေဆေးရုံတွင် (၁) ဦး၊ မောင်တောဆေးရုံတွင် (၆) ဦး၊ ဘူးသီးတောင်ဆေးရုံတွင် (၂) ဦး၊ တောင်ကုတ်ဆေးရုံတွင် (၁) ဦးရှိပြီး သံတွဲမြို့မှပိုးတွေ့ရှိသူမှာ ရောဂါကောင်းမွန်သဖြင့် ဇွန်လ ၁၇ ရက်နေ့တွင် ဆေးရုံမှဆင်းသွားပြီဖြစ်သည်။

ဗီဒီယိုများ