စစ်တွေငါးခြောက်ဈေးကွက် အရောင်းထိုင်းနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ငါးခြောက်ရောင်းဝယ်ရေးလုပ်ငန်းများမှာ ဝယ်ယူသူနည်းပါးသဖြင့် ရောင်းအားကျဆင်းလျက်ရှိကြောင်း ငါးခြောက်ရောင်းချသူများထံမှ သိရသည်။

By မျိုးသီရိကျော် 14 Jul 2020

မျိုးသီရိကျော် | DMG
ဇူလိုင် ၁၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ငါးခြောက်ရောင်းဝယ်ရေးလုပ်ငန်းများမှာ ဝယ်ယူသူနည်းပါးသဖြင့် ရောင်းအားကျဆင်းလျက်ရှိကြောင်း ငါးခြောက်ရောင်းချသူများထံမှ သိရသည်။

ယခင်နှစ်များက စစ်တွေမြို့မှငါးခြောက်များကို ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စသည်မြို့နယ်များမှ ဒေသခံများက မိုးရာသီစားသုံးရန်အတွက် ဝယ်ယူကြသော်လည်း လက်ရှိမှာ တိုက်ပွဲအခြေအနေများကြောင့် လမ်းခရီးသွားလာရေး အခက်အခဲဖြစ်ကာ ဝယ်ယူသူနည်းပါးလာကြောင်း စစ်တွေမြို့မှ ငါးခြောက်လုပ်ငန်းရှင် များက ပြောသည်။

“အရင်နှစ်တွေက ဈေးမှာလူတွေရှိတော့ ရောင်းအားကောင်းတယ်။ အခုက ဈေးမှာလူတွေမရှိဘူး။ တိုက်ပွဲ တွေကြောင့် မလာကြဘူး။ COVID-19 ကြောင့်လည်း မလာကြဘူး။ နယ်ကလူူတွေရောက်မှ ဈေးစည်ကားတာ ” ဟု စစ်တွေမြို့မဈေးတွင် ငါးခြောက်ရောင်းချနေသည့် ဒေါ်စံစံသိန်းကပြောသည်။

ယခုကဲ့သို့ ရောင်းအားကျဆင်းနေသည့်အပြင် ရွှေပုစွန်ခြောက်နှင့် ငါးနီတူခြောက်မှာလည်း ပုံမှန်ဈေးထက် လျော့ပြီး ရောင်းချနေရကြောင်း ၎င်းကဆိုသည်။

ယခင်နှစ်က ရွှေပုစွန်ခြောက်တစ်ပိဿာလျှင် ငွေကျပ်(သုံးသောင်းခွဲ)နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် တစ်ပိဿ (သုံးသောင်း)ကျပ်သာဈေးရှိနေပြီး ငါးနီတူခြောက်တစ်ပိဿာလျှင် ယခင်နှစ်က ငွေကျပ်(ရှစ်ထောင်)မှ ယခု နှစ်တွင် (ငါးထောင်)ကျပ်သာရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် နှစ်သိန်းခန့်အထိရှိလာနေသည်။ စစ်တွေမြို့ သို့လည်း ယခင်နှစ်များကဲ့သို့ ဈေးရောင်းဈေးဝယ် လာရောက်သူများ နည်းပါးလျက်ရှိနေသည်။

လက်ရှိမှာ အရောင်းအဝယ်မကောင်းသဖြင့် ငါးခြောက်များ မှိုတက်ပျက်စီးမှုများလည်း ကြုံတွေ့နေရကြောင်း ငါးခြောက်လုပ်ငန်း လုပ်ကိုင်နေသူ ဒေါ်ဆွေဆွေသိန်းက ဆိုသည်။

“တစ်နေ့တစ်နေ့ ဝင်ငွေကသောင်းဂဏန်းလေးပဲရှိတယ်။ စားရတာက မိသားစုများတော့ အဆင်မပြေဘူးပေါ့။ ဝင်ငွေနဲ့ထွက်ငွေ မမျှဘူးဖြစ်နေတယ်။ တချို့ဆိုရင် ဈေးရောင်းရမှာကို မငြိမ်မသက်တောင် ဖြစ်လာကြတယ်။ မရောင်းချင်ကြဘူး။ ဝင်ငွေထက် ထွက်ငွေကများနေတော့ အဆင်မပြေဘူး” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် မြို့နယ်များတွင် လုံခြုံရေးအခြေအနေများကြောင့် ငါးဖမ်း လုပ်ငန်းများ ထိခိုက်မှုရှိလာနေကြောင်း ပြောဆိုမှုများရှိနေသည်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့်လည်း ငါးဖမ်း လိုင်စင်များ ထုတ်ပေးရန်အတွက် အခက်အခဲများ ရှိနေကြောင်းဆိုသည်။

ဗီဒီယိုများ