စစ်တွေမြို့မှ ကိုဗစ်ပိုးတွေလူနာနှင့် ဆက်စပ်သူများကို Facility Quarantine ဖြင့် စောင့်ကြည့်ထား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ COVID-19 ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သည့် မိသားစုဝင်များအပါအဝင် ၁၉ ဦးနှင့် CB ဘဏ်ဝန်ထမ်းများကို Facility Quarantine ဖြင့်စောင့်ကြည့်ထားကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

By ကျော်သူဌေး 17 Aug 2020

ကျော်သူဌေး | DMG
သြဂုတ် ၁၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ COVID-19 ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သည့် မိသားစုဝင်များအပါအဝင် ၁၉ ဦးနှင့် CB ဘဏ်ဝန်ထမ်းများကို Facility Quarantine ဖြင့်စောင့်ကြည့်ထားကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ယခုပိုးတွေ့လူနာသည် CB ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်ပြီး ၎င်းနှင့် နေအိမ်တွင်အတူနေသည့် မိသားစုဝင် ၁၉ ဦးနှင့် CB ဘဏ်မှ ဘဏ်ဝန်ထမ်းများကို ယနေ့ သြဂုတ်လ ၁၇ ရက်နေ့တွင် အသွားအလာ စောင့်ကြည့်ထားပြီး CB ဘဏ်ကို ပိတ်ထားရန်လည်း ညွှန်ကြားထားသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“သူ့အိမ်မှာ အတူနေတဲ့ မိသားစု ၁၉ ယောက်ရှိတယ်။ အဲဒီ ၁၉ ယောက်ကို Facility Quatantine ထားထားတယ်။ နှာခေါင်းတို့ဖတ်ယူမယ်။ ပြီးတော့ သူက ဘဏ်ဝန်ထမ်းဖြစ်တဲ့အတွက် ဘဏ်ဝန်ထမ်းအားလုံးကို Quarantine ထားထားတယ်။ ဘဏ်ကိုလည်း ပိတ်ခိုင်းထားတယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ယခုပိုးတွေ့လူနာမှာ သြဂုတ်လ ၁၂ ရက်နေ့က ဖျားနာခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့မရခြင်းများ ဖြစ်ပေါ်လာသဖြင့် ဆေးရုံသို့ တက်ရောက်ခဲ့ပြီး သြဂုတ်လ ၁၆ ရက်နေ့တွင် Covid-19 ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခုပိုးတွေ့လူနာအမှတ် (၃၇၅)သည် စစ်တွေမြို့၊ ဓညဝတီ(ခ)ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျောက်ဖြူမြို့သို့သွားရောက်ခဲ့ကာ သြဂုတ်လ ၃ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့သို့သွားရောက်ခဲ့သည့် ခရီးသွားရာဇဝင်များရှိခဲ့သည်ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ပိုးတွေ့လူနာသွားရောက်ခဲ့သည့် ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းမြို့နယ်များတွင် ထိတွေ့ခဲ့သူ ရှိ၊မရှိရှာဖွေရန် ညွှန်ကြားထားကာ မိသားစုဝင်များနှင့် ဘဏ်ဝန်ထမ်းများကို စစ်တွေမြို့ရှိ တိုင်းရင်းဆေးရုံကြီးနှင့် Facility Quarantine နေရာများတွင် အသီးသီးထားရှိကာ စောင့်ကြည့်ထားသည်ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် Covid-19 ရောဂါပိုးတွေ့ရှိသူ ၁၇ ဦးရှိလာပြီး ယခင်ပိုးတွေ့လူနာ ၁၆ ဦးမှာ ရောဂါ ကောင်းမွန်သွားသဖြင့် ဆေးရုံမှဆင်းသွားကြပြီဖြစ်ကာ ယခုပိုးတွေ့လူနာမှာ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည်။

ဗီဒီယိုများ