ရခိုင်တွင် ဆရာဝန်အချို့ CDM ပြုလုပ်နေကြောင်း လူနာများပြော

ရခိုင်ပြည်နယ်အတွင်း တာဝန်ကျ ဆရာဝန်များမှာ ပြီးခဲ့သည့်အပတ်ကစ၍ လူနာများကို ဆေးကုသမှု အချိန်မမှန်ခြင်းနှင့် အကြောင်းအမျိုးမျိုးပြ၍ မိမိနေရပ်သို့ ပြန်သွားကြကြောင်း လူနာများက ပြောဆိုနေကြသည်။

11 Mar 2021

DMG ၊ မတ် ၁၁

ရခိုင်ပြည်နယ်အတွင်း တာဝန်ကျ ဆရာဝန်များမှာ ပြီးခဲ့သည့်အပတ်ကစ၍ လူနာများကို ဆေးကုသမှု အချိန်မမှန်ခြင်းနှင့် အကြောင်းအမျိုးမျိုးပြ၍ မိမိနေရပ်သို့ ပြန်သွားကြကြောင်း လူနာများက ပြောဆိုနေကြသည်။

လစာမဲ့ခွင့်ယူပြီး ပြန်သူများရှိသလို လုပ်သက်ခွင့်ဖြင့်လည်း ပြန်ကြသူများရှိကြောင်း ဆေးရုံတာဝန်ရှိသူများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် CDM အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု ပြုလုပ်နေခြင်းမှာ ရခိုင်ကဆရာဝန်အချို့ ပါဝင်နေသည်ဟု ယူဆကြောင်း ခြေထောက်ခွဲစိတ်ကုသရန် စစ်တွေမြို့ပြည်သူ့ဆေးရုံး၌ တစ်ပတ်ကြာစောင့်ဆိုင်းနေသည့် လူနာအမျိုးသားတစ်ဦးက DMG သို့ ပြောသည်။

“ကျနော့်ကို ဒီအပတ်ထဲမှာ ခွဲစိတ်ကုသဖို့ရှိနေတာ။ အခုက ဆရာဝန်မရှိလို့မခွဲရဘူး။ ဘယ်အချိန် ဆရာဝန်တွေ ရောက်လာမလဲဆိုတော့ နှစ်ပတ်လောက်ကြာမယ်လို့ပြောတယ်။ အချိန်မှီမခွဲစိတ်လို့ရှိရင် အန္တရာယ်ရှိနိုင်တယ်။ အဲဒါကြောင့် ဆေးရုံက ဆင်းမှာလည်း အခက်၊ ဆက်နေမှာလည်း အခက်တွေ့နေရတယ်။ ပုဂ္ဂလိက ဆေးရုံတွေမှာ သွားကုမယ်ဆိုလို့ရှိရင်လည်း ငွေကြေးမတတ်နိုင်ဘူး။ ကျနော်တို့က ဆေးရုံကို အားကိုးပြီးလာတာပါ” ဟု ပြောသည်။

စစ်တွေပြည်သူ့ဆေးရုံကြီးများတွင် ဆရာဝန်မရှိသဖြင့် ခွဲစိတ်ကုသမည့် လူနာများ အခက်အခဲကြုံတွေ့ နေရကြောင်း၊ ယခုကိစ္စကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တာဝန်ယူဖြေရှင်းပေးစေလိုကြောင်း ယင်းဆေးရုံ၌ တက်ရောက်သနေသည့် လူနာများက တောင်းဆိုနေကြသည်။

ဆေးရုံတွင် မည်သည့်အတွက်ကြောင့် ဆရာဝန်မရှိသည်ကို အတည်ပြုချက်ရယူရန် စစ်တွေဆေးရုံမှ တာဝန်ရှိသူများကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။
အလားတူ ဘူးသီးတောင်မြို့ပြည်သူ့ဆေးရုံကြီး၌လည်း ဆရာဝန်နှစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၃ ဦး ခွင့်အကြောင်းပြ၍ အိမ်ပြန်သွားကြကြောင်း ဘူးသီးတောင်ဆေးရုံတာဝန်ရှိသူတစ်ဦးက DMG သို့ ပြောသည်။

ယင်းအပြင် မောင်တောမြို့ပြည်သူ့ဆေးရုံတွင်လည်း အထွေထွေရောဂါကုသမားတော်နှင့် ဆရာဝန် ၃ ဦးမှာ မတ်လ ၇ ရက်နေ့က အိမ်ပြန်သွားကြပြီး အခြားကျန်းမာရေးဝန်ထမ်း ၁၅ ဦးလည်း ဖေဖော်ဝါရီ ၁၅ ရက်နေ့က CDM ပြုလုပ်သွားသည်။

မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးအောင်က “ဘယ်လိုစီမံမလဲဆိုတော့ ကျန်မာရေးဌာနက တင်ပြမှရမှာပေါ့။ သူတို့က ဘာမှတင်ပြမှုမရှိတော့ ကျွန်တော်တို့က ဘာမှမတတ်နိုင်ဘူးလေ။ ဆရာဝန်တစ်ယောက်တည်းနဲ့ မနိုင်ဘူးလို့ ကျန်းမာရေးဌာနက မတင်ပြရင်လည်း ပြည်သူတွေကပဲဖြစ်ဖြစ် တင်ပြလာရင်တော့ ကျွန်တော်တို့က နီးစပ်ရာဆေးရုံကဖြစ်ဖြစ်၊ တိုင်းမှူးအထိတင်ပြပြီး စီမံဆောင်ရွက်ပေးသွားမှာဖြစ်တယ်” ဟု ပြောသည်။

ဆေးရုံ၌ လိုအပ်ချက်များကို ပြည်သူဖက်မှ တင်ပြစရာမလိုကြောင်း၊ တင်ပြမှ လုပ်ဆောင်ပေးမည့် ကိစ္စမဟုတ်ကြောင်းနှင့် တာဝန်ရှိသူများကသာ ကိုယ့်ဟာကိုယ် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း မောင်တောမြို့မိမြို့ဖတစ်ဦးဖြစ်သည့် ဦးအောင်ကျော်ညွှန့်က DMG သို့ ပြောသည်။

ဗီဒီယိုများ