စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်များနှင့် ကုသရေးဆိုင်ရာကိရိယာများ အမြန်ဆုံးဖြည့်ဆည်းပေးရန် ရှိ၊ မရှိ လွှတ်တော်တွင်မေးမြန်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် လိုအပ်နေသော နှလုံးအထူးကု ဆရာဝန်များ၊ ကင်ဆာအထူးကု ဆရာဝန်များနှင့် ကုသရေးဆိုင်ရာ လိုအပ်လျက်ရှိသည့် ကိရိယာများကို အမြန်ဆုံးဖြည်းဆည်းပေးရန် ရှိ၊ မရှိကို သြဂုတ်လ ၂၇ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက မေးမြန်းခဲ့သည်။

By မျိုးသီရိကျော် 28 Aug 2020

မျိုးသီရိကျော် | DMG
သြဂုတ် ၂၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် လိုအပ်နေသော နှလုံးအထူးကု ဆရာဝန်များ၊ ကင်ဆာအထူးကု ဆရာဝန်များနှင့် ကုသရေးဆိုင်ရာ လိုအပ်လျက်ရှိသည့် ကိရိယာများကို အမြန်ဆုံးဖြည်းဆည်းပေးရန် ရှိ၊ မရှိကို သြဂုတ်လ ၂၇ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက မေးမြန်းခဲ့သည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ရာသီဥတုနှင့် အစားအသောက်တို့ ပြောင်းလဲမှုများကြောင့် ရောဂါဘယများ ထူပြော လာနေသော်လည်း ဆရာဝန်ကြီးများနှင့် ကုသသည့်စက်ကိရိယာများ မရှိသည့်အတွက် အလွန်အခက်အခဲ ဖြစ်နေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

မျက်စိရောဂါဝေဒနာရှင် များပြားသော်လည်း မျက်စိအထူးကုဆရာဝန်ကြီး တစ်ဦးသာရှိကြောင်း၊ နှလုံးရောဂါ ဝေဒနာရှင်များပြားနေသော်လည်း ကုသပေးရန် ဆရာဝန်ကြီးမရှိကြောင်းနှင့် ကင်ဆာရောဂါ ဖြစ်ပွားနေသည့် ဝေဒနာရှင်များအတွက်လည်း ကုသပေးနိုင်ရန် ဆရာဝန်ကြီးများနှင့် ကုသသည့်စက်ကိရိယာများလည်း မရှိကြောင်း ဆိုသည်။

“ဒီလိုမျိုး မိမိတို့မြို့မှာ ဆရာဝန်ကြီးတွေ မရှိတဲ့အတွက် ဝေဒနာရှင်တွေဟာ အခက်ကြုံနေရပါတယ်။ ငွေကြေး အမြောက်အများ အကုန်ကျခံပြီး အခြားမြို့တွေကို သွားရောက်ကုသနေရပါတယ်။ ငွေလည်းကုန်ကျသလို လူလည်းပင်ပန်းနေကြရပါတယ်။ ဆင်းရဲပင်ပန်းသူတွေဆိုရင် သွားရောက်ပြီး မကုသနိုင်တာကြောင့် ဝေဒနာကို ကြိတ်မှိတ်ခံစားနေရပါတယ်”ဟု ဒေါ်ခင်စောဝေက လွှတ်တော်တွင်ပြောသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မျက်စိအထူးကုဆရာဝန်ကြီးနှစ်ဦးတို့မှာ လက်ရှိအချိန်ထိ တာဝန် ထမ်းဆောင်လျက်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောသည်။

၎င်းပြင် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၌ အထူးကုဆရာဝန်ကြီး စုစုပေါင်း ၃ ဦးရှိပြီး ၎င်းအထဲမှ နှစ်ဦးမှာ အရေး ပေါ်ဖြစ်သော နှလုံးရောဂါသည်များကုသနိုင်သည့် လေ့ကျင်းမှုများ ရရှိထားသူများဖြစ်ပြီး ထပ်မံ၍ နှလုံးရောဂါ ကုသနိုင်ရေး လက်ထောက်ဆရာဝန်နှစ်ဦးနှင့် ကင်ဆာရောဂါအထူးကု ပညာရှင်တစ်ဦး စုစုပေါင်း ၃ ဦးတို့ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလနောက်ဆုံးထား၍ ခန့်အပ်ရန်လျာထားသည်ဟုလည်း ဆိုသည်။

“နှလုံးအထူးကုဆရာဝန်များ အလှည့်ကျစနစ်ဖြင့် တာဝန်ပေးအပ်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် နောက်ဆုံး ထားပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ဒေါက်တာမြလေးစိန်ကဆိုသည်။

စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆေးနှင့်ဆေးပစ္စည်းဝယ်ယူရန် ရန်ပုံငွေ ၇၁၀ သန်း ခွင့်ပြုပေးခဲ့ပြီး မျက်စိရောဂါကုသနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းတန်ဖိုးဝယ်ယူရန် ၉ ဒသမ ၇၃၃ ကျပ်သန်းအားလည်းကောင်း၊ နှလုံးရောဂါကုသရန် ဆေးနှင့်ဆေးပစ္စည်းတန်ဖိုး ၉ ဒဿမ ၁၆၆၈ သန်းအားလည်းကောင်း လူနာများအတွက် ထောက်ပံ့ပေးခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးရေးဦးစီးဌာနမှ သိရသည်။

မျက်စိရောဂါကုသရန် ဗဟိုဆေးသိုလှောင်ရေးဌာနမှ သြဂုတ်လ ၂၄ ရက်နေ့တွင် ထောက်ပံ့ပေးထားပြီဖြစ်သည့် အတွက် ဆေးနှင့်ဆေးပစ္စည်း ထပ်မံပြီးလိုအပ်လာပါက စစ်တွေပြည်သူ့ဆေးရုံကြီးကို ဆက်လက်ပြီး ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာမြလေးစိန်က ပြောကြားခဲ့သည်။

ဗီဒီယိုများ