စစ်တွေမြို့က စစ်ဘေးရှောင်စခန်းတစ်ခုတွင် လူသတ်မှုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူမှာ ထွက်ပြေးတိမ်းရှောင်နေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်အကွက်(၁၃)တွင်ရှိသည့် ဝိဘဇ္ဇဝါဒီဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင်စခန်းတွင် ယမန်နေ့ သြဂုတ် ၃ဝ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် အမျိုးသားတစ်ဦးမှာ ကတ်ကြေးဖြင့်အထိုးခံရ၍ သေဆုံးသွားပြီး ပြစ်မှုကျူးလွန်သူမှာ မိသားစုနဲ့အတူထွက်ပြေးသွားကြသည်ဟု စခန်းရှိတာဝန်ရှိသူများထံမှ သိရှိရသည်။

31 Aug 2021

DMG ၊ သြဂုတ် ၃၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်အကွက်(၁၃)တွင်ရှိသည့် ဝိဘဇ္ဇဝါဒီဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင်စခန်းတွင် ယမန်နေ့ သြဂုတ် ၃ဝ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် အမျိုးသားတစ်ဦးမှာ ကတ်ကြေးဖြင့်အထိုးခံရ၍ သေဆုံးသွားပြီး ပြစ်မှုကျူးလွန်သူမှာ မိသားစုနဲ့အတူထွက်ပြေးသွားကြသည်ဟု စခန်းရှိတာဝန်ရှိသူများထံမှ သိရှိရသည်။

သေဆုံးသွားသူမှာ မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာမှ အသက် ၂၉ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် စစ်ဘေးတိမ်းရှောင်လာသူဖြစ်ကြောင်း သိရသည်။ ၎င်းကို မြောက်ဦးမြို့နယ်၊ ရွာသစ်ကေကျေးရွာမှ ကျော်ကျော်နိုင်(၂၈)နှစ်က ကတ်ကြေးဖြင့်ထိုးခဲ့ခြင်းဖြစ်ပြီး ရင်ဘတ်တွင် ဒဏ်ရာနှစ်ချက်ရရှိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၎င်းတို့နှစ်ဦးသည် အရက်သောက်စားပြီး သေဆုံးသူ၏ နေအိမ်သို့ပြန်လာပြီးနောက်တွင် ကျော်ကျော်နိုင်နှင့် စကားများရန်ဖြစ်ကာ ကျော်ကျော်နိုင်က ယခုကဲ့သို့ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးစုံစမ်းသိရှိရသည်။ လက်ရှိအချိန်တွင် ပြစ်မှုကျူးလွန်သူ ကျော်ကျော်နိုင်မှာ ဇနီးနှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့နှစ်ယောက် ၉ နာရီလောက်မှာ အရက်သောက်ပြီး နေအိမ်ကိုပြန်လာကြတာ။ အဲဒီလိုပြန်လာကြတဲ့အချိန်နောက်ပိုင်း သေဆုံးသူက နေအိမ်မှာထိုင်နေတဲ့အချိန်မှာ ကတ်ကြေးနဲ့ထိုးခဲ့တာဖြစ်တယ်။ လေးချက်တောင်ထိုးခဲ့တာ။ ဆိုတော့စခန်းမှာရှိတဲ့ သူတွေက စစ်တွေပြည်သူ့ဆေးရုံကို ပို့ကြတယ်။ ဆေးရုံရောက်တာနဲ့ သေဆုံးသွားတာဖြစ်တယ်။ လက်ရှိစခန်းမှာတော့ မြို့နယ်မှူးတွေက လာရောက်ပြီး စစ်ဆေးနေတာ ရှိတယ်။ မနေ့ညက အခင်းဖြစ်ပွားပြီး နောက်ပိုင်းမှာတော့ လင်မယားနှစ်ဦးစလုံး ထွက်ပြေးသွားကြတယ်” ဟု ဝိဘဇ္ဇဝါဒီဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးစက္ကိန္ဒက မိန့်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျော်ကျော်နိုင်အား စစ်တွေမြို့အမှတ်(၁)ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရသေ့တောင်၊ ကျောက်တော်၊ ပလက်ဝ၊ မင်းပြား၊ မြောက်ဦး အစရှိသည့်မြို့နယ်များမှ အိမ်ထောင်စု ၁၁၀ ကျော်နှင့် လူဦးရေ ၄၀၀ ကျော်မှာ ဝိဘဇ္ဇဝါဒီဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် လက်ရှိအချိန်ထိ ခိုလှုံလျှက်ရှိနေကြောင်း သိရသည်။

အလားတူ သြဂုတ်လ ၂၅ ရက်နေ့တွင်လည်း ချင်းပြည်နယ်၊ ပလက်ဝမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ စစ်ဘေးရှောင်စခန်းတွင် အမျိုးသားနှစ်ဦး အရက်သေစာသောက်စားပြီး စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ