ရခိုင်ပြည်သူများ ကြုံတွေ့နေရသည့် ကိစ္စများကို နိုင်ငံတော်သမ္မတထံ တင်ပြသွားမည်

ရခိုင်ပြည်နယ်အတွင်း ပြည်သူများလက်ရှိကြုံတွေ့နေရသည့် ကိစ္စရပ်များကို သံဃာတော်များအပါအဝင် ပြည်သူ ၄၀၀ ခန့်မှာ မတ်လ ၇ ရက်နေ့က စစ်တွေမြို့မှာဆွေးနွေးမှုပြုလုပ်ခဲ့ကာ ၎င်းဆွေးနွေးချက်များအား နိုင်ငံတော်သမ္မတထံ မကြာမီ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

By အောင်ထိန် 08 Mar 2020


အောင်ထိန် | DMG
မတ်လ ၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း ပြည်သူများလက်ရှိကြုံတွေ့နေရသည့် ကိစ္စရပ်များကို သံဃာတော်များအပါအဝင် ပြည်သူ ၄၀၀ ခန့်မှာ မတ်လ ၇ ရက်နေ့က စစ်တွေမြို့မှာဆွေးနွေးမှုပြုလုပ်ခဲ့ကာ ၎င်းဆွေးနွေးချက်များအား နိုင်ငံတော်သမ္မတထံ မကြာမီ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို နိုင်ငံကိုအုပ်ချုပ်သူများနှင့် ကမ္ဘာက သိစေချင်ကြောင်း စစ်တွေမြို့ အောင်မြေကုန်းကျောင်းထိုင်ဆရာတော် ဦးစန္ဒာဝရက မိန့်သည်။

“ဒီကိစ္စတွေကို သိပေမယ့် မသိယောင်ဆောင်နေတဲ့ အုပ်ချုပ်သူတွေသိအောင်။ ပြီးတော့ ရခိုင်ပြည်တစ်ဝန်းမှာ ဖြစ်နေတဲ့ ဖြစ်ရပ်တွေကို ကမ္ဘာကလည်း သိသွားအောင်ဆိုပြီးတော့ သံဃာတွေစုပြီးလုပ်ကြတာ” ဟု ဆရာတော်က မိန့်သည်။

သမ္မတထံတင်ပြမည့် အချက်များမှာ အပြည့်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းမပြုရန်၊ လက်နက်ကြီးများနှင့် ကျေးရွာအတွင်း တိုက်ခိုက်ခြင်းမပြုရန်၊ ကုန်စည်စီးဆင်းမှုများကို ပိတ်ပင်ခြင်းမပြုရန်၊ အင်တာနက်ဖြတ်တောက်ထားခြင်းအား ပြန်ဖွင့်ပေးရန်အချက်တို့ပါဝင်သည်။

ထို့ပြင် သတင်းသမားများ လွတ်လပ်စွာသတင်းရယူရေး၊ ထိခိုက်ဒဏ်ရာရသူများအား လွတ်လပ်စွာဆေးကု သခွင့်ပေးရေး၊ စစ်ဘေးဒုက္ခသည်များအတွက် ကူညီရေးအဖွဲ့အစည်းများကို လွတ်လပ်စွာကူညီခွင့်ပေးရေး စသည့် အချက်များလည်းပါဝင်သည်။

၎င်းအချက်များမှာ ပြည်သူများအမှန်တကယ်ကြုံတွေ့နေရခြင်းဖြစ်သဖြင့် အစိုးရမှ မလုပ်ဆောင်ပေးပါက ပြည်သူများ၏ဒုက္ခကို ကြည့်နေနိုင်သည့်သဘောဖြစ်ကြောင်း သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ဆိုသည်။

“ဒီအချက်တွေကို အစိုးရလိုက်လျောမပေးနိုင်ဘူး။ မလုပ်ပေးဘူး။ မလုပ်ပေးချင်ဘူးဆိုရင် ဒါဟာ ပြည်သူတွေ ဒုက္ခရောက်နေတာကို အစိုးရကြည့်နေနိုင်တဲ့သဘော သက်ရောက်သွားမယ်”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်သူများ လက်ရှိကြုံတွေ့နေရသည့်အခက်အခဲများကို သမ္မတထံတင်ပြရန်အတွက် စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးရဟန်းတော်များအဖွဲ့မှ ဆရာတော်များနှင့် လူပုဂ္ဂိုလ် ၂၅ ဦးပါဝင်သည့် ကော်မတီ တစ်ရပ်ကိုလည်း မတ်လ ၇ ရက်နေ့ တွေ့ဆုံပွဲတွင်ဖွဲ့စည်းခဲ့သည်။

ထိုသို့ သမ္မတထံတင်ပြတောင်းဆိုသည့်အချက်များအား လုပ်ဆောင်ပေးခြင်းမရှိပါက ဆန္ဒပြတောင်းဆိုသွားမည် ဖြစ်ကြောင်း ကော်မတီအဖွဲ့ဝင်ဖြစ်သူ ကိုခိုင်မျိုးထွန်းက ပြောသည်။

“ကျနော်တို့ထုတ်ပြန်တဲ့ statement ကို ရက်ကန့်သတ်ချက်တစ်ခုထားမယ်။ ဥပမာ ရက်ပေါင်း ၂၀ အတွင်း ဒါမှမဟုတ် တစ်ပတ်အတွင်းမှာ ကျနော်တို့တောင်းဆိုတဲ့အရာတွေကို အစိုးရအနေနဲ့လုပ်မပေးလို့ရှိရင် ကျနော် တို့က လမ်းပေါ်ထွက်ပြီးဆန္ဒပြမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းနှစ်သောင်းကျော်ရှိလာနေပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်တို့မှာ အခက်အခဲများ ဖြစ်ပေါ်နေကြသည်။

ထို့ပြင် တိုက်ပွဲကာအတွင်း အရပ်သားပြည်သူ (၁၃၀)ကျော် သေဆုံးမှုရှိကာ ထိခိုက်ဒဏ်ရာရရှိသူ (၃၆၀)ကျော် အထိရှိနေကြောင်း ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)က သိရသည်။

ဗီဒီယိုများ