စစ်တွေတွင် အောက်စီဂျင်လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက အောက်စီဂျင်ထုတ်လုပ်စက် မှာယူထားပြီး ယခုလကုန်တွင် စက်အား စတင်လည်ပတ်မည်

ရခိုင်ပြည် စစ်တွေမြို့တွင် အောက်စီဂျင်လိုအပ်ချက်များရှိလာပါက ဖြည့်ဆည်းနိုင်ရန်အတွက် အောက်စီဂျင်ထုတ်စက်ရုံတစ်ရုံကိုတည်ဆောက်ထားပြီး စက်ကိုလည်းမှာယူထားပြီဖြစ်ကြောင်း BMG သောက်ရေသန့်လုပ်ငန်းပိုင်ရှင် ကိုထွန်းထွန်းဦးက ဆိုသည်။

11 Jul 2021

DMG | ဇူလိုင် ၁၁

ရခိုင်ပြည် စစ်တွေမြို့တွင် အောက်စီဂျင်လိုအပ်ချက်များရှိလာပါက ဖြည့်ဆည်းနိုင်ရန်အတွက် အောက်စီဂျင်ထုတ်စက်ရုံတစ်ရုံကိုတည်ဆောက်ထားပြီး စက်ကိုလည်းမှာယူထားပြီဖြစ်ကြောင်း BMG သောက်ရေသန့်လုပ်ငန်းပိုင်ရှင် ကိုထွန်းထွန်းဦးက ဆိုသည်။

လက်ရှိတွင် တည်ဆောက်ထားသည့် စက်ရုံမှာပြီးစီးနေပြီဖြစ်ပြီး စက်မှာလည်း ယခုလကုန်ခန့်တွင် စစ်တွေ့မြို့သို့ ရောက်ရှိလာမည်ဖြစ်ပြီး စက်ရောက်ရှိပါက စတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့တစ်ပတ်လောက်ကစပြီး စက်ကို တရုတ်ကနေမှာထားခဲ့တယ်။ တိုက်ရိုက်ရောက်မယ့် သင်္ဘောနဲ့မှာထားတဲ့အတွက် သင်္ဘောကလည်း ဒီလ ၂၀ရက်လောက်မှာ ရန်ကုန်ရောက်မယ်။ ပြီးရင် ရခိုင်ရောက်တာနဲ့ စလည်ပတ်လို့ရပြီ”ဟု ကိုထွန်းထွန်းဦးက ပြောသည်။

အဆိုပါစက်ရောက်ရှိလာပါက တစ်နေ့လျင် လီတာ (၄၀)ဆန့်သည့် အောက်စီဂျင်အိုး ရ၀ ခန့်ကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး လိုအပ်နေသောနေရာများကို လှူဒါန်းမည်ဖြစ်ကာ စီးပွားရေးလုပ်ငန်းများကိုမူ သင့်တင့်သောဈေးဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အမှန်တကယ်လိုအပ်နေတဲ့နေရာတွေကို Donate လုပ်ပြီးတော့ ပုဂ္ဂလိကဆေးခန်းလိုမျိုး၊ အခြားလုပ်ငန်းလိုမျိုးတွေကိုတော့ သင့်တော်တဲ့ဈေးနဲ့ ရောင်းချသွားဖို့ ရည်ရွယ်ထားပါတယ်။ဒါဆိုရင် အောက်ဆီဂျင်ကို ပြည်မဘက်ကိုအားဖို့ မလိုလောက်ဘူးလေ။ အခုလိုချင်ရင် အခုရမှာပေါ့”ဟုလည်း ၎င်းကရှင်းပြသည်။

မိမိအနေဖြင့် စီးပွားရေးတွက်ကိန်းဖြင့် ဝယ်ယူခဲ့ခြင်းမဟုတ်ပဲ ပရဟိတများကိုလှူဒါန်းရန်နှင့် ဒေသတွင်း ဈေးသက်သာစွာ သုံးစွဲနိုင်ရေးအတွက် ရည်ရွယ်ချက်ဖြင့်သာ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒေသတွင်း အောက်စီဂျင်လိုအပ်ချက်များလာပါက ၂၄ နာရီပတ်လုံး စက်လည်ပတ်သွားရန်လည်း ပြင်ဆင်ထားကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ဖြစ်ပွားလျှက်ရှိသော COVID-19 ရောဂါပိုးမှာ အသက်ရှူလမ်းကြောင်းကို ဆိုးဝါးစွာထိခိုက်စေနိုင်ပြီး အရေးပေါ်လူနာများကို အောက်စီဂျင်ပိုက်တပ်ဆင်ပေးရသည့်အတွက် လက်ရှိမြန်မာတစ်နိုင်ငံလုံးတွင်လည်း အောက်စီဂျင်လိုအပ်မှု မြင့်တက်လျှက်ရှိကြောင်း သိရသည်။

ထိုသို့ လိုအပ်မှုရှိလာသည်နှင့်အမျှ ရခိုင်ပြည်ရှိ မြို့နယ်အချို့ဖြစ်သော သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူနှင့် စစ်တွေ အစရှိသော မြို့နယ်များတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် အောက်စီဂျင်စက်ရုံများ တည်ဆောက်ရန် ကြိုးပမ်းနေကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးလှသိန်းကလည်း လက်ရှိအခြေအနေတွင် ရခိုင်ပြည်၌ အောက်စီဂျင်ပြတ်တောက်နိုင်ခြေမရှိသေးကြောင်းနှင့် မိမိတို့အနေဖြင့် အောက်စီဂျင်မပြတ်လပ်စေရေးအတွက် စီစဉ်လျှက်ရှိကြောင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

ရခိုင်ပြည်တွင် ကိုဗစ်တတိယလှိုင်းစတင်ခဲ့သည့် မေလ ၂၅ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ COVID-19 ရောဂါ ပိုးတွေ့ရှိသူပေါင်း ရ၉၃ ဦးအထိရှိပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၄၁ ဦးနှင့် သေဆုံးသူ ၁၀ ဦးအထိရှိပြီဖြစ်ကြောင်း စာရင်းများအရ သိရသည်။

ဗီဒီယိုများ