မြန်မာတွင် အိုမီခရွန်ရောဂါပိုးကူးစက်မှုများလာသော်လည်း ပြည်သူများ ဂရုစိုက်မှုနည်းပါးဆဲ

မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၂၈၃ ဦးအထိရှိလာပြီဖြစ်သော်လည်း ပြည်သူများကြားမှာ ဂရုစိုက်မှုနည်းပါးနေဆဲဖြစ်သည်။

29 Jan 2022

DMG ၊ ဇန်နဝါရီ ၂၉

မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၂၈၃ ဦးအထိရှိလာပြီဖြစ်သော်လည်း ပြည်သူများကြားမှာ ဂရုစိုက်မှုနည်းပါးနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ယူအေအီးနိုင်ငံမှပြန်လာသူ ၄ ဦးထံ အိုမီခရွန်စတင်တွေ့ရှိခဲ့ပြီးနောက် ဇန်နဝါရီ ၂၈ ရက်နေ့တွင်လည်း ပြည်ပနိုင်ငံမှပြန်လာသူ ၇၂ ဦးတွင် အိုမီခရွန်ပိုးတွေ့ရှိခဲ့ကာ တစ်လအတွင်းပိုးတွေ့ရှိသူ စုစုပေါင်း ၂၈၃ ဦးအထိရှိလာနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်း အိုမီခရွန်ရောဂါပိုးကူးစက်မှုများပြားလာသော်လည်း ရခိုင်ဒေသခံများမှာ စိုးရိမ်မှုမရှိ၊ စည်းကမ်းလိုက်နာမှုအားနည်းနေကြောင်းနှင့် ကိုဗစ်စည်းကမ်းများကို ယခင်ကကဲ့သို့လိုက်နာရန်လိုအပ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

“ရခိုင်ပြည်အတွင်းမှာ အိုမီခရွန်ရောဂါပိုးကူးစက်မှု မရှိသေးဘူး။ အခုအချိန်ထိစစ်ဆေးချက်အရတော့ ပြင်းထန်မှုအများကြီးမရှိသေးပါဘူး။ မြန်မာနိုင်ငံအတွင်းတွေ့ရှိတဲ့အထဲမှာတော့ ပြင်းပြင်းထန်ထန်ဖြစ်တာမတွေ့ရသေးဘူး။ ကျနော်တို့ရခိုင်မှာမတွေ့သေးဘူး။ ရိုးရိုးကိုဗစ်ပဲတွေ့ပါသေးတယ်“ဟု DMG သို့ပြောသည်။

ရခိုင်ပြည်နယ်တွင် Covid 19 ရောဂါထိန်းချုပ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လာသည့် လှေလုပ်သားများကိုလည်း Quarantine ၁၀ ရက်စောင့်ကြည့်ထားပြီး Negative အဖြေထွက်ရှိမှသာ အလုပ်ပြန်လည်လုပ်ကိုင်ခွင့်ပြုသည်ဟု ရခိုင်ပြည် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးကပြောသည်။

“ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသားဖြစ်တဲ့ လှေလုပ်သားတွေလည်း Negative လက်မှတ်ပြရပါတယ်။ နောက်တစ်ခုက ဘင်္ဂလားဒေ့ရှ်ဖက်ကလည်း ကုန်သွယ်မှုပြုပြီးပြန်ဝင်လာပြီဆိုရင်လည်း ကိုဗစ်ထိန်းချုပ်ရေးကော်မတီကို သတင်းပို့ရပါတယ်။ နှာခေါင်းတို့ပက် နှစ်ကြိမ်ယူရပါတယ်။ အဲဒီမျိုးလုပ်ဆောင်ထားပါတယ်“ဟု ၎င်းကဆိုသည်။

ကိုဗစ်ကူးစက်မှုမရှိစေရန်အတွက် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်း စသည်တို့ကိုသေချာစိစစ်ပြီး သွားလာခွင့်ပြုသင့်ကြောင်းနှင့် ကိုဗစ်စည်းကမ်း၊စည်းကမ်းများကြောင့် စီးပွားရေးလုပ်ငန်းများမထိခိုက်စေရန်အတွက် သက်ဆိုင်ရာဌာနများမှ ကြပ်မတ်လုပ်ဆောင်သင့်သည်ဟု ၎င်းကအကြံပြုသည်။

ကိုဗစ်မျိုးကွဲဖြစ်တဲ့သည့် ကူးစက်မြန် အိုမီခရွန်(Omicron) အပါအဝင် ကိုဗစ်ပိုးကူးစက်မှုမရှိစေရန်အတွက် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများကို အဓိကထားစောင့်ကြည့်စစ်ဆေးနေသည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက DMG ကိုပြောကြားထားသည်။

အိုမီခရွန်ရောဂါပိုးလက္ခဏာများမှာ အသက်ရှူလမ်းကြောင်းနှင့် သက်ဆိုင်သည့် ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ အဖျားရှိခြင်း၊ နွမ်းနယ်ခြင်း၊ နာကျင်ကိုက်ခဲခြင်းနှင့် အနံ့ပုံမှန်မရခြင်းတို့ဖြစ်တတ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဗီဒီယိုများ