စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်သူ ၃၄၀ ကျော်ထဲတွင် နိုင်ငံရေးအကျဉ်းသား ၄ ဦးသာပါဝင်

 

နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်တွေအကျည်းထောင်မှ အကျည်းသား ၃၄၃ ဦး ယနေ့ဧပြီလ ၁၇ ရက်နေ့တွင် လွတ်မြောက်လာခဲ့ပြီး ၎င်းတို့ထဲတွင် နိုင်ငံရေးအကျဉ်းသား ၄ ဦးသာပါဝင်ကြောင်း သိရသည်။

By ကျော်သူဌေး 17 Apr 2020

ကျော်သူဌေး | DMG
ဧပြီ ၁၇ ၊ စစ်တွေ

နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်တွေအကျည်းထောင်မှ အကျည်းသား ၃၄၃ ဦး ယနေ့ဧပြီလ ၁၇ ရက်နေ့တွင် လွတ်မြောက်လာခဲ့ပြီး ၎င်းတို့ထဲတွင် နိုင်ငံရေးအကျဉ်းသား ၄ ဦးသာပါဝင်ကြောင်း သိရသည်။

စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသူများမှာ အမျိုးသား ၃၁၁ ဦးနှင့် အမျိုးသမီး ၃၂ ဦးတို့ပါဝင်ကြောင်း သိရသည်။

ထိုအထဲတွင်ပါဝင်သည့် နိုင်ငံရေးအကျဉ်းသား ၄ ဦးမှာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် အကျဉ်း ကျခံနေရသည့် ဘူးသီးတောင်မြို့နယ်မှတစ်ဦး၊ ပေါက်တောမြို့နယ် ကပိုင်ချောင်းကျေးရွာမှတစ်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်မြို့မှ နှစ်ဦးတို့ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ပေးနေ သူများက ပြောသည်။

ယနေ့စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာသူတစ်ဦးက လက်ရှိရခိုင်ပြည်နယ်တွင် လက်နက်ကိုင်ဆောင် ထားခြင်းမရှိပဲ ပြည်သူများအသက်ဆုံးရှုံးနေရမှုအပေါ် အစိုးရတစ်ရပ်အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသင့်ကြောင်း ပြောသည်။

“ပြည်သူတွေ တိုက်ခိုက်ခံနေရတဲ့အတွက် တော်တော်ဝမ်းနည်းပါတယ်။ လက်နက်မကိုင်တဲ့ ကျနော်တို့ ပြည်သူတွေ အသက်ဆုံးရှုံးနေကြတယ်။ စစ်စခန်းမဟုတ်တဲ့ ပြည်သူ့နေအိမ်တွေ ဆုံးရှုံးနေရတယ်။ ဒီဟာ တွေက အစိုးရမှာတာဝန်ရှိပါတယ်။ အစိုးရတစ်ရပ်အနေနဲ့တာဝန်ယူမှု၊တာဝန်ခံမှု ရှိသင့်ပါတယ်”ဟု ကိုနိုင်နိုင်က ပြောသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျဉ်းထောင်/စခန်းအသီးသီးမှ အကျဉ်းသား/သူစုစုပေါင်း ၂၄၈၉၆ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။

ထို့ပြင် သေဒဏ်ပြစ်ဒဏ်ချမှတ်ခံထားရသူများကို ထောင်ဒဏ်တစ်သက်(လွှတ်ရက်မရှိ)ပြစ်ဒဏ်သို့ ပြောင်းလဲ ကျခံစေရန်၊ နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေရန်လည်း ပါဝင်သည်။

ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူများကိုမူ ထောင်ဒဏ် နှစ် ၄၀ သို့လျှော့ပေါ့ကျခံစေရန်နှင့် ထောင်ဒဏ် နှစ် ၄၀ နှင့်အောက် ကျခံနေရသူများကို ယင်းတို့ကျခံနေရသော ထောင်ဒဏ်၏ လေးပုံတစ်ပုံအား လျှော့ပေါ့ကျခံစေရန် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ