စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၁၀၀ အတွက် အနွေးထည်များလှူဒါန်း

ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်ရှိ အကျဉ်းသူ၊ အကျဉ်သား အယောက် ၁၀၀ အတွက် အနွေးထည်အင်္ကျီ များကို ယနေ့(ဒီဇင်ဘာလ ၄ ရက်)တွင် မေယုဒေသပရဟိအဖွဲ့က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

By မျိုးသီရိကျော် 04 Dec 2020

ဓာတ်ပုံ - မေယုဒေသပရဟိတအဖွဲ့

မျိုးသီရိကျော် | DMG
ဒီဇင်ဘာ ၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်ရှိ အကျဉ်းသူ၊ အကျဉ်သား အယောက် ၁၀၀ အတွက် အနွေးထည်အင်္ကျီ များကို ယနေ့(ဒီဇင်ဘာလ ၄ ရက်)တွင် မေယုဒေသပရဟိအဖွဲ့က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လတ်တလောကာလအတွင်း လမ်းခရီးအခက်အခဲရှိ၍ မိသားစုများမှာ အကျဉ်းသားများနှင့် လာမတွေ့နိုင်ခြင်းကြောင့် အနွေးထည်မရှိသည့် အကျဉ်သားများအတွက် အနွေးထည် ၁၀၀ ကို ထောက်ပံ့ပေးခဲ့ကြောင်း စစ်တွေမြို့အခြေစိုက် မေယုဒေသပရဟိတအဖွဲ့မှ ကိုမေယုထွန်းကပြောသည်။

“ရည်ရွယ်ချက်ကတော့ တချို့ဆိုရင် အနွေးထည်တွေမရှိဘူး။ နယ်ဖက်ကဆိုရင်လည်း မလာနိုင်ဘူး။ လမ်းခရီး အခက်အခဲတွေကြောင့်ပေါ့။ အဲလိုလူတွေကို ဦးစားပေးပြီး ပေးသွားမှာပါ။ လူသားချင်းစာနာထောက်ထားတဲ့ အနေနဲ့ပေးတာပါ။ ဆက်လက်ပြီးတော့လည်း ပေးဆောင်သွားဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

မေယုဒေသပရဟိတအသင်းအနေဖြင့် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသားများ၏ လိုအပ်ချက်များဖြစ်သည့် ကော်ဖီထုပ်၊ မုန့်၊ ဆီ၊ ငရုပ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ မျက်နှာသုတ် စသည် တို့ကို တစ်လလျှင် ၂ ကြိမ်နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာလဖြစ်သည့်အတွက် အကျဉ်းထောင်ထဲတွင် ရှိနေသူများနှင့် တွေ့ခွင့်မရသေးကြောင်း၊ အနွေးထည် များကိုလည်း သွင်းခွင့်မပြုခြင်းများနှင့် ကြုံတွေ့ခဲ့ရကြောင်း ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဒေါ်လှလှချေက ပြောသည်။

“ကျမယောက်ျားကို အနွေးထည်တွေပေးဖို့ သွားခဲ့တယ်။ သူ့တို့နဲ့လည်း တွေ့ခွင့်မရခဲ့ဘူး။ အနွေးထည်တွေ ကိုလည်း ကိုဗစ်ကာလကြောင့် သယ်ယူခွင့်မပြုဘူးလို့ ကျမတို့ကိုပြောလိုက်ပါတယ်။ ဇစ်ပါတဲ့ အနွေးထည်ကို အဓိက မယူဆောင်လာရဘူးလို့ပြောပါတယ်” ဟု ဆိုသည်။

ကိုဗစ်ကာလဖြစ်သည့်အတွက် စစ်တွေအကျဉ်းထောင်တွင် အကျဉ်းသားတစ်ဦးကို တစ်လလျှင် မိသားစုဝင်များနှင့် ၂ ကြိမ်သာတွေ့ခွင့်ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဗီဒီယိုများ