စစ်တွေဆေးရုံကြီးတွင် ကိုဗစ်လူနာ ၂၀၀ အထိ ကုသပေးနိုင်ရန် ပြင်ဆင်ထား

ရခိုင်ပြည်နယ်တွင် Covid-19 ရောဂါ ပိုးတွေ့လူနာများ တစ်နေ့တခြား တိုးလာနေသည့်အတွက် စစ်တွေဆေးရုံကြီးတွင် လူနာပေါင်း ၂၀၀ အထိ ကုသနိုင်ရန်အတွက် ပြင်ဆင်ထားကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောသည်။

31 Aug 2020

ခင်သရဖီဦး၊ DMG
သြဂုတ် ၃၁၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် Covid-19 ရောဂါ ပိုးတွေ့လူနာများ တစ်နေ့တခြား တိုးလာနေသည့်အတွက် စစ်တွေဆေးရုံကြီးတွင် လူနာပေါင်း ၂၀၀ အထိ ကုသနိုင်ရန်အတွက် ပြင်ဆင်ထားကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောသည်။

“ကလေးကုသဆောင်နဲ့ ဖျားနာဆောင်မှာ လူနာ နောက်ထပ် ၁၀၀ စာ ပြင်ဆင်တဲ့အတွက် စစ်တွေဆေးရုံကြီးမှာ ကိုဗစ်လူနာ ၂၀၀ ခန့် ထားလို့ရအောင် ပြင်ဆင်ပြီးဖြစ်ပါတယ် ” ဟု ဒေါက်တာဇော်လွင် ကဆိုသည်။

ဆက်လက်ပြီး ဒေါက်တာဇော်လွင်က စစ်တွေဆေးရုံကြီးနှင့် သူနာပြုသင်တန်းကျောင်းတွင် ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၂၄၀ ခန့်ကို ထားရှိသွားမည်ဖြစ်ပြီး လက်ရှိမှာ ၎င်းနေရာနှစ်ခုတွင် ပိုးတွေ့လူနာ ၁၈၀ ကျော်ကို ထားရှိကုသနေသည်ဟု ပြောသည်။

ယင်းအပြင် စစ်တွေတွင် ကိုဗစ်ပိုးတွေ့လူနာများ ထပ်တိုးလာပါက စစ်တွေတက္ကသိုလ်တွင် လူနာ ၃၀၀ ကျော်အတွက် နေရာချရန် စီစဉ်ထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။

စစ်တွေဆေးရုံးတွင် ကိုဗစ်လူနာများကို အုပ်စု (၄) ခု ခွဲခြားသတ်မှတ်ကာ ကုသပေးလျက်ရှိပြီး လူနာ ၃ ဦးမှာ ရောဂါအခံရှိသည်အတွက် တခြားလူနာများထက် ပိုပြီး ကုသပေးနေရသော်လည်း ကိုဗစ်ရောဂါလက္ခဏာ များဖြင့် ပြင်းထန်နေသည့် အနေအထားမဟုတ်ကြောင်း ဒေါက်တာဇော်လွင်က ပြောသည်။

“သုံးယောက်မှာ တစ်ယောက်က ဆီးချိုရောဂါရှိတယ်။ အဆုတ်ရောဂါနဲ့ တစ်ယောက်၊ နောက်တစ်ယော  က်ကသွေးတိုးရှိတဲ့ လူတယောက်ရှိတယ်။ အဲဒီသုံးယောက်ကို ပုံမှန်လူတွေထက်ပိုပြီးတော့ ကြည့်ပြီး ကုပေး ရတဲ့အနေအထားပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိ စစ်တွေဆေးရုံကြီးတွင် ကိုဗစ်လူနာများကို လုပ်အားပေးနေသည့် Volunteer ဆရာဝန် (၈၆) ဦးတွင် သမားတော် (၄) ဦး အထူးကုမေ့ဆေးဆရာဝန်၊ ပိုးပွားဗေဒ ဆရာဝန်နှင့် ကျွမ်းကျင်သူနာပြုဝန်ထမ်းများ ပါဝင်ပြီး ကျန်းမာရေးဝန်ထမ်း ၁၀၀ ခန့်ဖြင့် ကိုဗစ်ပိုးတွေ့လူနာများကို ကုသပေးလျက်ရှိသည်။

ရခိုင်ပြည်နယ်မှ တချို့မြို့နယ်ဆေးရုံများတွင် ကိုဗစ်ပိုးတွေ့လူနာ ၂၀ ဦးသာ ကုသပေးနိုင်သည့် အနေအထားရှိနေသည်ကို တွေ့ရသည်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းမှ ရမ်းဗြဲ နှင့် ရသေ့တောင်မြို့နယ်မှအပ ကျန် (၁၅) မြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (သြဂုတ်လ ၃၁ ရက်) နံနက် (၈) နာရီအချိန် ထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့လူနာ ၃၆၁ ဦးအထိ ရှိလာနေပြီဖြစ်သည်။ ယင်းအထဲမှ ယခင်က ပိုးတွေ့လူနာ (၁၆) ဦးမှာ ရောဂါကင်းစင်သွားပြီဖြစ်သဖြင့် ဆေးရုံမှ ဆင်းသွားကြပြီဖြစ်သည်။

ဗီဒီယိုများ