စစ်တွေမြို့ရှိ သံတိုသံစ၊ ပလက်စတစ်အဟောင်းပစ္စည်းဝယ်ယူသည့် ဆိုင်ရှင်နှစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့(မတ်လ ၁၅ ရက်) နံနက်ပိုင်းက သံတိုသံစ၊ ပလက်စတစ်၊ ဘီယာဗူးခွံ၊ ပုလင်းခွံ စသည့်အဟောင်းပစ္စည်းများဝယ်ယူနေသော ဆိုင်ပိုင်ရှင်နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု မိသားစုထံမှသိရသည်။

16 Mar 2022

DMG ၊ မတ် ၁၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့(မတ်လ ၁၅ ရက်) နံနက်ပိုင်းက သံတိုသံစ၊ ပလက်စတစ်၊ ဘီယာဗူးခွံ၊ ပုလင်းခွံ စသည့်အဟောင်းပစ္စည်းများဝယ်ယူနေသော ဆိုင်ပိုင်ရှင်နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု မိသားစုထံမှသိရသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ ဓညဝတီ(ခ)ရပ်ကွက်နေ အဟောင်းပစ္စည်း အဝယ်ဆိုင်ပိုင်ရှင် ဦးမောင်မောင်နှင့် မောလိပ်ရပ်ကွက်နေ     “ဇင်”အဟောင်းပစ္စည်းအဝယ်ဆိုင်ပိုင်ရှင် ဦးမောင်အေးသန်းတို့ ဖြစ်ကြသည်။ ၎င်းတို့ကို အရပ်ဝတ် ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များကပြောသည်။

မောလိပ်ရပ်ကွက်မှ ဖမ်းဆီးခံရသူ ဦးမောင်အေးသန်း၏ ဆွေမျိုးတစ်ဦးက “ဗမာစကားပြောတဲ့လူတွေ လာပြီးတော့ဖမ်းသွားပါတယ်။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာကိုတော့ မသိဘူး။ မနေ့ကတည်းကဖမ်းသွားတာပါ”ဟု DMG ကိုပြောသည်။
အလားတူ ဓညဝတီရပ်ကွက်မှ ဦးမောင်မောင်မှာလည်း ရဲစခန်းသို့ခေါ်သဖြင့် သွားရောက်စဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူ ဒေါ်မြမြကပြောသည်။

“အလုပ်သမားတစ်ယောက်ကို အရင်ဆုံးဖမ်းသွားတယ်။ အဲဒီနောက် ပိုင်ရှင်ကို အမှတ်(၂)ရဲစခန်းမှာ လာပြီးဖြေရှင်းပါလို့ပြောခဲ့တယ်။ ကျမယောကျာ်းဖြေရှင်းဖို့သွားတဲ့အခါ အလုပ်သမားကို ညပိုင်းမှာ လွှတ်ပေးလိုက်တယ်။ ကျမယောကျာ်းကို ထိန်းသိမ်းထားလိုက်ပါတယ်။ သူတို့ပြောတာကတော့ ကြေးလက်ခံဝယ်ယူလို့တော့ပြောပါတယ်”ဟု ဒေါ်မြမြကဆိုသည်။

ထိုသို့ဖမ်းဆီးထားသူနှစ်ဦးကို လက်ရှိ မည်သည့်ရဲစခန်းတွင်ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း မိသားစုဝင်များကပြောတိုသည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ သံတို၊ သံစ၊ သွပ်ဆိုး၊ ပလပ်စတစ်အပါအဝင် အဟောင်းပစ္စည်းများ ဝယ်ယူသည့်လုပ်ငန်းကို လုပ်ကိုင်နေသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်သည်။

ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ၎င်းတို့နှစ်ဦးကို ခိုးယူသည့်ပစ္စည်းအား လက်ခံထားသည့်အတွက် အမှတ်(၁)ရဲစခန်းတွင် စစ်ဆေးနေသည်ဟုပြောသည်။

“လောလောဆယ်တော့ သူတို့ကိုစစ်ဆေးရအုံးမယ်။ မနေ့က ကေဘယ်လ်ကြိုးခိုးသွားတဲ့သူနှစ်ယောက်ကို ဖမ်းဆီးရမိတယ်။ သူတို့ကို ဘယ်မှာရောင်းလဲစစ်ဆေးကြည့်တော့ အခုလိုပြောလာတာကြောင့် ဖမ်းဆီးလိုက်တာပါ။ ခိုးသွားတဲ့ တရားခံနှစ်ယောက်ရယ်၊ ပစ္စည်းလက်ခံထားတဲ့နှစ်ယောက်ကို ဖမ်းဆီးထားပြီး စစ်ဆေးနေတုန်းပဲရှိသေးတယ်။ ကေဘယ်ကြိုးနဲ့ပတ်သက်ပြီးတော့ ဖွင့်ထားတဲ့အမှု ၅ မှုရှိပါတယ်။ အဲဒီမှာ ဘယ်အမှုနဲ့ပတ်သတ်မလဲဆိုတာကို စစ်ဆေးနေပါတယ်။ လက်ရှိမှာ အမှတ်(၁)ရဲစခန်းမှာ စစ်ဆေးနေပါတယ်”ဟု ၎င်းရဲအရာရှိကဆိုသည်။

စစ်တွေမြို့တွင် တယ်လီဖုန်းလိုင်း/ဖိုင်ဘာလိုင်းကေဘယ်လ်ကြိုးများအား ဖြတ်တောက်ခိုးယူမှု ယခုလပိုင်းအတွင်း မကြာခဏဖြစ်ပေါ်ခဲ့ကြောင်း ရဲကဆက်လက်ပြောဆိုသည်။

ဗီဒီယိုများ