သဲတူးဖော်သူများလာသဖြင့် စစ်တွေပွိုင့်ကမ်းခြေ ပျက်စီးလာမည်ကိုစိုးရိမ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အများပြည်သူ အပန်းဖြေအနားယူရာနေရာတစ်ခုဖြစ်သော ပွိုင့်ကမ်းခြေမှ သဲများကိုတူးဖော်ယူဆောင်သူများ များပြားလာနေသဖြင့် နောင်တွင်ကမ်းခြေပျက်စီးလာမည်ကို စိုးရိမ်မှုများ ရှိနေကြသည်။

By ကျော်သူဌေး 13 Jun 2020

ကျော်သူဌေး၊ မျိုးသီရိကျော် | DMG
ဇွန် ၁၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အများပြည်သူ အပန်းဖြေအနားယူရာနေရာတစ်ခုဖြစ်သော ပွိုင့်ကမ်းခြေမှ သဲများကိုတူးဖော်ယူဆောင်သူများ များပြားလာနေသဖြင့် နောင်တွင် ကမ်းခြေပျက်စီးလာမည်ကို စိုးရိမ်မှုများ ရှိနေကြသည်။

အဆိုပါကမ်းခြေမှ သဲများကို ကား၊ သုံးဘီးဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်များဖြင့် လာရောက်ယူဆောင်နေကြ သည်ကို နေ့စဉ်တွေ့မြင်နေရကြောင်း ကမ်းခြေတွင်ဈေးရောင်းချနေသူများက ပြောသည်။

၎င်းတို့၏ပြောဆိုချက်အရ ကမ်းခြေမှသဲများကို နေအိမ်တွင်အသုံးပြုရန်နှင့် အဆောက်အဦများတွင် အသုံးပြုရန် အတွက် အလုပ်သမားများနှင့်ပင် လာရောက်တူးဖော်နေကြကြောင်း သိရသည်။

ယခုကဲ့သို့ သဲများကိုဆက်တိုက်တူးဖော်နေမည်ဆိုပါက မကြာမီကမ်းခြေပျက်စီးလာမည်ဖြစ်ကာ ကမ်းခြေ သဲသောင်ပြင်တွင် ဈေးရောင်းချနေကြသည့် ဈေးသည်များအတွက်လည်း အခက်အခဲဖြစ်လာနိုင်သည်ဟု ဈေးရောင်းချနေသူများက ဆိုသည်။

“ဒီကမ်းခြေကသဲတွေကို နေ့တိုင်းတူးနေရင်တော့ နောက်ဆိုရင် အင်းအိုင်တွေဖြစ်ပြီးတော့ ဒီတစ်နှစ်၊ နှစ်နှစ် အတွင်း အကုန်လုံးပျက်စီးလာမယ်။ မြစ်ရေတွေဟာလည်း ကမ်းခြေအောက်ပိုင်းကနေတစ်ဆင့် ပလက်ဖောင်းကို တက်ပြီးတော့ ကျမတို့ဆင်းရဲသားတွေ လုပ်စားလို့မရလောက်အောင်ဖြစ်လာနိုင်တယ်”ဟု ၎င်းနေရာတွင် ဈေးရောင်းချနေသည့် ဒေါ်ရီရီဆန်းက ပြောသည်။

ယခုရက်ပိုင်းအတွင်း သဲတူးဖော်သူများလာနေသဖြင့် ကမ်းခြေတွင် အင်းအိုင်များပင် ဖြစ်ပေါ်နေသည်ကို DMG မှ တွေ့ရှိခဲ့ရသည်။

အဆိုပါသဲများကို မတူးဖော်ကြရန်အတွက် ကမ်းခြေသာယာလှပရေးအဖွဲ့မှ ကမ်းခြေတစ်လျှောက်ဆိုင်းဘုတ် များကို စိုက်ထူထားသော်လည်း သဲတူးသူများမှာ လိုက်နာမှုမရှိဘဲ ဆက်လက်တူးဖော်နေကြခြင်းဖြစ်သည်။

ယခုကိစ္စအား မြို့နယ်စည်ပင်သာယာရေးအနေဖြင့် စည်းကမ်းတင်းကျပ်ရန်လိုအပ်ကြောင်း စစ်တွေမြို့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်သည့် စိမ်းပြာအဖွဲ့မှ ဥက္ကဋ္ဌ ဦးလှဝင်းက ဆိုသည်။

“နိုင်ငံခြားဧည့်သည်တွေ၊ မြို့ခံတွေ အပန်းဖြေတဲ့နေရာမှာ ဒီလိုသဲတူးတာမျိုး လုံးဝမရှိဖို့လိုအပ်တယ်။ စည်ပင် ဝန်ထမ်းတွေက တင်းတင်းကြပ်ကြပ် အလုပ်မလုပ်နိုင်သရွှေ့ ဘယ်ကိစ္စပဲရှိရှိ ဥပဒေတစ်ခုကို ပိုင်ပိုင်နိုင်နိုင် မလုပ် ပေးနိုင်ရင် ဘယ်သူမှလိုက်နာမှာမဟုတ်ဘူး။ ချိုးဖောက်နေကြမှာပဲ” ဟု ၎င်းကပြောသည်။

စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူမှ ယခုကိစ္စမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်သာ သက်ဆိုင် သည့်ကိစ္စဖြစ်ကြောင်း ပြောသည်။

စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးမှာ DMG မှ မေးမြန်းမှုများကို ဖြေဆိုရန်အကြိမ်ကြိမ်ငြင်းဆိုမှုများရှိသဖြင့် ယခု ကိစ္စနှင့်ပတ်သက်၍ ၎င်း၏မှတ်ချက်ကို မရရှိခဲ့ပေ။

ပွိုင့်ကမ်းခြေသည် စစ်တွေမြို့၏တောင်ဘက်အစွန်းတွင်တည်ရှိကာ ကုလားတန်မြစ်ဝနှင့် ဘင်္ဂလားပင်လယ် အော်တို့ ဆုံဆည်းရာနေရာဖြစ်သည်။

အဆိုပါကမ်းခြေတစ်လျှောက်တွင် စနေ၊ တနင်္ဂနွေအားလပ်ရက်များတွင် လာရောက်အပန်းဖြေသူများနှင့် စည်းကားလျက်ရှိသည့် နေရာတစ်ခုလည်းဖြစ်သည်။

ဗီဒီယိုများ