စစ်တွေတက္ကသိုလ်တွင် ခိုးမှုများမကြာခဏဖြစ်

စစ်တွေတက္ကသိုလ်ကျောင်းဝင်းအတွင်းတွင် ကျောင်းသားများ၏ ဆိုင်ကယ်အခိုးခံရမှုများ၊ ကျောင်းသားသမဂ္ဂရုံး ဖောက်ထွင်းခံရမှုများနှင့် တက္ကသိုလ်ဆရာ၊ ဆရာမများ၏ အိမ်ရာမှ ငွေကြေးနှင့် ဖုန်းများ မကြာခဏ ခိုးယူ ခံနေရကြောင်း စစ်တွေကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ဆိုသည်။

21 Feb 2020

စစ်တွေတက္ကသိုလ်အတွင်းရှိ ကျောင်းသူများနေထိုင်သော စောသန္တာအဆောင်အား တွေ့ရစဉ်။

ခင်သရဖီဦး | DMG
ဖေဖော်ဝါရီ ၂၁၊ စစ်တွေ

ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်တွင် ခိုးမှုများမကြာခဏဖြစ်ပွားနေကြောင်း ကျောင်းသား ကျောင်းသူများ ထံမှသိရသည်။

စစ်တွေတက္ကသိုလ်ကျောင်းဝင်းအတွင်းတွင် ကျောင်းသားများ၏ ဆိုင်ကယ်အခိုးခံရမှုများ၊ ကျောင်းသားသမဂ္ဂရုံး ဖောက်ထွင်းခံရမှုများနှင့် တက္ကသိုလ်ဆရာ၊ ဆရာမများ၏ အိမ်ရာမှ ငွေကြေးနှင့် ဖုန်းများ မကြာခဏ ခိုးယူ ခံနေရကြောင်း စစ်တွေကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ဆိုသည်။

“ကျောင်းရဲ့ပတ်ပတ်လည်မှာ ရဲကင်းတွေ၊ လုံခြုံရေးရေးတွေရှိနေပါလျက်နဲ့အခုလို ဖောက်ထွင်းခံရမှုတွေ ဖြစ်နေတာတော့ လုံခြုံရေး ညံ့ဖျင်းမှုကြောင့်လို့ပဲလို့ပြောချင်ပါတယ်၊နောက်ပြီး စီမံခန့်ခွဲမှုတွေညံ့ဖျင်းတဲ့ အတွက်ကြောင့်လည်း ခုလို ဖြစ်နေရတာပါ”ဟု ၎င်းကပြောသည်။

စစ်တွေတက္ကသိုလ်အတွင်းရှိ ကျောင်းသူများနေထိုင်သော စောသန္တာအဆောင်ကို ပြီးခဲ့သောဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ၊နံနက် ၄ နာရီကျော်က ဖောက်ထွင်းမှုဖြစ်ပွားခဲ့ပြီး ဖုန်း ၁၃ လုံးနှင့် ငွေအချို့ ခိုးယူခံခဲ့ရ ကြောင်း စောသန္တာအဆောင်မှူး ဒေါ်သူဇင်ကြူးက ဆိုသည်။

ထိုသို့ဖြစ်ပွားခဲ့မှုနှင့်ပက်သက်၍ ကိုတိုးတိုးအောင်က “မိန်းခလေးအဆောင်ကိုဖောက်ပြီးတော့ ဖုန်းခိုး သွားတာပဲကံကောင်းတယ်ပြောရမှာပေါ့။မပြောကောင်းမဆိုကောင်း အဲ့အထဲကတစ်ယောက် ယောက်သာ တစ်ခုခုဖြစ်သွားရင်ဘယ်သူတာဝန်ယူမှာလဲလို့မေးခွန်းထုတ်ချင်ပါတယ်”ဟု ဆိုသည်။

စစ်တွေတက္ကသိုလ်အတွင်း လုံခြုံရေးတိုးမြှင့်ပေးရန်အတွက် ကျောင်းသားသမဂ္ဂအနေဖြင့် စာတင်ခြင်း၊ နှုတ်ဖြင့် တင်ပြခြင်းနှင့် ဆန္ဒပြတောင်းဆိုခြင်းတို့ကို ပြုလုပ်ခဲ့သော်လည်း ကျောင်းတာဝန်ရှိသူများအနေဖြင့် လုံလောက်သည်အထိ လုပ်ဆောင်ပေးခြင်းမရှိကြောင်း ကိုတိုးတိုးအောင်ကပြောသည်။

ပြင်ပမှအဆောင်နေရန်အခက်အခဲရှိသော တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများကို စစ်တွေတက္ကသိုလ် အတွင်းရှိ ကစ္ဆပအဆောင်၊ စောသန္တာအဆောင်၊ ဓညဝတီဆောင်၊ စောပြည့်ညိုဆောင်၊ ပိုးဝါဆောင်တို့တွင် ထားရှိပြီး လက်ရှိတွင် အဆောင်နေကျောင်းသား ၂၀၀ ကျော်ရှိကြောင်း တာဝန်ရှိသူများထံမှသိရသည်။

ဗီဒီယိုများ