ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန်အတွက် ကုန်စိမ်းဆိုင်များကို ယာယီပျံကျဈေးတွင် ရောင်းချရေး စီစဉ်ပေးထား

ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ပြည်သူများ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် စစ်တွေမြို့မဈေးတွင် ရောင်းချနေသည့် ကုန်စိမ်းဆိုင်များကို ယင်းဈေးအနီးရှိ သဲပြင်ပေါ်တွင် နေရာသတ်မှတ်၍ ဈေးရောင်းချရန် စီစဉ်ပေးထားသည်ဟု ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

By မြတ်ဆွေ 22 Apr 2020

မြတ်ဆွေ|DMG
ဧပြီ ၂၂ ၊ စစ်တွေ

ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ပြည်သူများ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် စစ်တွေမြို့မဈေးတွင် ရောင်းချနေသည့် ကုန်စိမ်းဆိုင်များကို ယင်းဈေးအနီးရှိ သဲပြင်ပေါ်တွင် နေရာသတ်မှတ်၍ ဈေးရောင်းချရန် စီစဉ်ပေးထားသည်ဟု ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

အဆိုပါ နေရာတွင် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ကပင် ပြောင်းရွှေ့ဈေးရောင်းနေကြခြင်းဖြစ်ပြီး ဈေးသည်တစ်ဦးနှင့်တစ်ဦး (၃)ပေအကွာရောင်းရန် စီစဉ်ပေးထားသည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးက ပြောသည်။

“ကျနော်တို့ကတော့ Covid-19 ကာကွယ်ရေးအတွက် ညွှန်ကြားချက်အရ ပြောင်းတာဖြစ်တယ်။ ဈေးသည်တွေကိုလည်း ကျနော်တို့ ဈေးမြေဧက(၂) ဧကလောက် နေရာချတယ်။ ဈေးသည်တစ်ယောက်ချင်းစီကို (၃) ပေအကွာမှာစီ သတ်မှတ်ထားတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ သဲပြင်ပေါ်တွင် ဈေးရောင်းချပြီးနောက် လာရောက်ဝယ်ယူသူလည်း နည်းပါးလာသောကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲရှိသည်ဟု ဟင်းသီးဟင်းရွက်ရောင်းချနေသူ ဦးမောင်လှကျော်က ပြောသည်။

“ဒီနေရာမှာ ဈေးရောင်းရတော့ တအားနေရာတွေကျပ်တယ်။ အဆင်မပြေဘူး။ ကျနော်တို့ ပုံမှန်ဖောက်သည်တွေလည်း မလာကြတော့ဘူး။ နေ့လည်ဆိုရင်လည်း နေတအားပူတယ်။ လေတွေလည်း တအားတိုက်တော့ သဲတွေဖုန်တွေလွင့်တယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ဈေးတွင် ဈေးရောင်းချသူများနှင့် ဈေးလာရောက်ဝယ်ယူသူများကို Mask တပ်ကြရန် စည်ပင်သာယာ ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်မှုများရှိသည်။ သို့သော် တစ်ချို့ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများမှာ Mask တပ်ခြင်းမရှိသည်ကို DMG ကတွေ့ရှိခဲ့သည်။

ဗီဒီယိုများ