စစ်တွေမြို့တွင် နေအိမ်ပေါ်တက်ပြီး အမျိုးသမီးတစ်ဦးကို လည်လှီးကာ ရွှေများကိုလုယူမှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အိုးတန်းရပ်ကွက်တွင် ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ နံနက် ၁၁ နာရီခွဲခန့်က ဆန်ပွဲရုံပိုင်ရှင်မတစ်ဦးကို အမည်မသိလူတစ်ဦးက လည်ကိုဓားနှင့်လှီးပြီး ဝတ်ဆင်ထားသည့် ရွှေများကို ယူဆောင်သွားသည်ဟု အမျိုးသားဖြစ်သူ ဦးသိန်းရွှေဝင်းက DMG သို့ပြောသည်။

By ဝင်းညွန့် 28 Feb 2020

ဓာတ်ပုံ - ကိုအောင်သန်း

ဝင်းညွန့် | DMG
ဖေဖော်ဝါရီ ၂၈၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အိုးတန်းရပ်ကွက်တွင် ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ နံနက် ၁၁ နာရီခွဲခန့်က ဆန်ပွဲရုံပိုင်ရှင်မတစ်ဦးကို အမည်မသိလူတစ်ဦးက လည်ကိုဓားနှင့်လှီးပြီး ဝတ်ဆင်ထားသည့် ရွှေများကို ယူဆောင်သွားသည်ဟု အမျိုးသားဖြစ်သူ ဦးသိန်းရွှေဝင်းက DMG သို့ပြောသည်။

အသက် ၅၂ နှစ်အရွယ် ဒေါ်မကျော့သည် “သိန်းရွှေဝင်း” အမည်ရှိ ဆန်ပွဲရုံပိုင်ရှင်မဖြစ်သည်။ ၎င်းသည် ဆန်ပွဲရုံအနီးရှိ မိမိနေအိမ်သို့သွားရောက်ပြီး ထမင်းစားနေစဉ် အမည်မသိလူတစ်ဦး၏ သတ်ဖြတ်မှုကိုခံရခြင်းဖြစ်ပြီး ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး၊ ရွှေလက်ကောက်များ လုယူခံရခြင်းဖြစ်သည်။

“သူက ထမင်းစားဖို့အိမ်ကိုသွားတယ်။ အချိန်က သိပ်မကြာပါဘူး ၅ မိနစ်လောက်ပဲကြတာ။ ကလေးက တအားငိုတော့ ကျနော်သွားကြည့်တော့ အခုလိုတွေ့တာ။ လက်က ရွှေတွေကို အကုန်လုံးယူသွားတယ်။ နောက်ကနေ လည်ပင်းကို ဓားနဲ့တစ်ခါတည်း လှီးဖြတ်သွားတာ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အလောင်းကို စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု မိသားစုဝင်များထံက သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့မရဲစခန်းသို့ ဆက်သွယ်ရာတွင် အလုပ်များနေသောကြောင့် မအားသေးဟု ပြောဆိုသည်။

ဗီဒီယိုများ