ရခိုင်ဝန်ကြီးချုပ်အပါအဝင် မြို့နယ်တချို့မှ ရွေး/ကော်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို တပ်မတော်မှ ဖမ်းဆီး ထိန်းသိမ်းထားဆဲ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် မြို့နယ်တချို့မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများကို တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသည်မှာ ရက်သတ္တပတ်ကြာသည့်တိုင် တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်ထားဆဲဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

19 Feb 2021

DMG | ဖေဖော်ဝါရီ ၁၉

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် မြို့နယ်တချို့မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများကို တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသည်မှာ ရက်သတ္တပတ်ကြာသည့်တိုင် တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်ထားဆဲဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဝန်ကြီးချုပ်ဦးညီပုသည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး မည်သည့်နေရာတွင် ဖမ်းဆီးထား သည်ကို မသိရှိရသေးသည့်အတွက်စိုးရိမ်နေရကြောင်း သမီးဖြစ်သူ မကြည်ကြည်ဦးက ပြောသည်။

“အဖေနဲ့ပတ်သက်ပြီးစိုးရိမ်တာက အဓိကကျန်းမာရေးပေ့ါ၊ အသက်လည်းကြီးနေပြီ ဆေးတွေလည်း သောက်နေရတယ်ဆိုတော့ ပါသွားတာကဆေးကနည်းနည်းပဲပါသွားတယ်။ နောက်ထပ်ဆေးတွေကို ဘယ်ကို ပို့ရမလဲမသိဘူး။ ဘာမှလည်း အဆက်အသွယ်မရတော့ ကျန်းမာရေးကိုပိုပြီးစိုးရိမ်တာပေ့ါ” ဟု ၎င်းကဆိုသည်။

ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ အပါအဝင် ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ ဂွမြို့နယ်၊ မာန်အောင်မြို့နယ်၊ တောင်ကုတ်မြို့နယ်တို့မှ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများမှာလည်း ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်။

မြို့နယ်အလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

“သူတို့ကို စစ်တပ်ထဲကအရာရှိရိပ်သာမှာ ကောင်းကောင်းမွန်မွန်ထားပြီးတော့ တခုမှ စစ်ဆေးမေးမြန်းတာ မရှိဘဲ ထိန်းသိမ်းထားတယ်။ လူချင်းတော့ မတွေ့ရဘူး၊ ဒီလိုတပ်ကိုသွားပြီးတော့ လိုအပ်တာတွေကို သွားပေး ရတယ်၊ ကြားခံနဲ့ပေ့ါ” ဟု ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွန်း၏ တူမဖြစ်သူ မအေးအေးနိုင်က ပြောသည်။

ဦးတင်ထွန်းအား တပ်အရာရှိမှတစ်ဆင့် ဖုန်းဖြင့်ဆက်သွယ်ပြောကြားခွင့်ရပြီး ၎င်းအား မည်သည့်နေ့တွင် ပြန်လွှတ်ပေးမည်ကို မသိရသေးကြောင်း မအေးအေးနိုင်က ဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဖမ်ဆီးခံလိုက်ရသည့် မာန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိန်လွင်(ခ) ဦးဘလွင်အား ရဲရိပ်သာတွင် ထားရှိကြောင်း သိရသည်။

ဦးစိန်လွင်၏ မြေးဖြစ်သူ ဦးအောင်မြင့်သူက “ဥက္ကဋ္ဌကိုတော့ ရဲရိပ်သာမှာထားတယ်လို့ပြောတယ်။ ထမင်းတွေ ဘာတွေပို့နေရတယ်ပေါ့။ အဖိုးက ကျန်းမာရေးသိပ်မကောင်းဘူး။ အဆက်အသွယ်တော့ ရတယ်ပေ့ါ။ အတွင်းရေးမှူးကျတော့ အဖမ်းခံရတဲ့အချိန်ကနေ မိသားစုနဲ့အဆက်အသွယ်မရဘူးလို့ပြောတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဖေဖော်ဝါရီလ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ချက် အရ စစ်ကောင်စီမှ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူ ၄၆၀ ကျော်ရှိကြောင်း သိရသည်။

ယင်အထဲတွင် ရခိုင်ပြည်နယ် အမ်းမြိုနယ်မှ လူငယ် ၅ ဦး၊ သံတွဲမှ ၄ ဦး၊ တောင်ကုတ်မှ ၆ ဦးပါဝင်ကြောင်း သိရသည်။ မန္တလေးနှင့် ရခိုင်ဝန်ကြီးချုပ်နှစ်ဦးကို ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ခံရပြီး မန္တလေးနှင့် ရှမ်းပြည်နယ် ဝန်ကြီးနှစ်ဦးလည်း ယင်းပုဒ်မဖြင့် အမှုဖွင့်ခံထားရသည်။

ဗီဒီယိုများ