ရွေးကောက်ပွဲမကျင်းပခဲ့သည့် နေရာများတွင် ယခုနှစ်မကုန်မီ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန် AA တိုက်တွန်း

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မကျင်းပရသေးသော မြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ အတောအတွင်း ကျင်းပနိုင်ရန် လက်ရှိအာဏာရပါတီ NLD အစိုးရနှင့် တပ်မတော်တို့ကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော်က တိုက်တွန်းထားသည်။

By မင်းထွန်း 12 Nov 2020

မင်းထွန်း | DMG
နိုဝင်ဘာ ၁၂ ၊ စစ်တွေ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မကျင်းပရသေးသော မြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့မတိုင်မီ အတောအတွင်း ကျင်းပနိုင်ရန် လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရနှင့် တပ်မတော်တို့ကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)က တိုက်တွန်းထားသည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းပြုလုပ်နေသော ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်တန့်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာလွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေးကို ကြေငြာကာ ကြားဖြတ်ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပနိုင်ရေးအတွက် NLD အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒါက ဖြစ်သင့်၊ဖြစ်ထိုက်တဲ့ တိုက်တွန်းချက်ဖြစ်ပါတယ်။ ရခိုင်ပြည်ငြိမ်းချမ်းတည်ငြိမ်ဖို့ အမှန်တကယ် လိုလားတယ်၊ ငြိမ်းချမ်းတည်ငြိမ်ပြီး ယန္တရားတွေ ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ အရေးကြီးတာက သက်ဆိုင်ရာ နယ်မြေအလိုက်၊ လွှတ်တော်အလိုက် ရွေးကောက်ခံကိုယ်စားလှယ်တွေရှိပြီးတော့ လူထုအတွက် စကားပြောဖို့၊ သက်ဆိုင်ရာနေရာတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ အဲတော့ ဒီလိုတိုက်တွန်းတာဟာ ငြိမ်းရေးအတွက်၊ ရခိုင်ဒေသတည်ငြိမ်ရေးအတွက် အများကြီးအထောက်အကူပြုပါလိမ့်မယ်” ဟု ရခိုင့်ဦးဆောင်ပါတီ(AFP) ဒု-ဥက္ကဋ္ဌ ဦးကျော်ဇောဦးက သုံးသပ်သည်။

ထိုသို့ ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သည့် တည်ငြိမ်သောအခင်းအကျင်း အခြေအနေတစ်ခုကို ဖန်တီးရန် အတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် သင့်တော်သလို ပံ့ပိုးကူညီလုပ်ဆောင် သွားရန် ဆန္ဒရှိကြောင်းလည်း AA မှ ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲမကျင်းပရသေးသော မြို့နယ်များ၌ ပြည်သူလူထုများ၏ အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန် ရက္ခိုင့်တပ်တော်(AA)အနေဖြင့် မှန်ကန်ရိုးသားသော သဘောထားဖြင့် လိုလားကြောင်း ဆိုသည်။

အလားတူ တပ်မတော်အနေဖြင့် AA ၏ ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိနေသည့်နေရာမျာ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး အတက်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ရာတွင် ရေးသားဖော်ပြထားသည်။

“ကြေငြာချက်ထုတ်ရုံနဲ့တော့ မပြီးဘူးလေ။ လက်တွေ့ကျင့်သုံးပြမှဖြစ်မယ်။ ဥပမာ-သူတို့ဖမ်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ် သုံးယောက်ကို ပြန်လွှတ်လေဗျာ။ အဲဒါက သူတို့လုပ်ပေးရမယ့်ကိစ္စပဲ၊ အဲတော့ အစိုးရဖက်ကရော၊ တပ်မတော်ဖက်ကရော ဒီကိစ္စတွေပေါ်မှာ အသိအမှတ်ပြုပြီးတော့ ဆက်ပြီး တိုးတက်မှုရအောင် လုပ်ပေးမှာပေါ့။ နှစ်ဖက်စလုံးက ပြေပြေလည်လည်နဲ့ ကျင့်သုံးနိုင်တယ်ဆိုရင်တော့ တောင်းဆိုထားတဲ့အတိုင်း ဖြစ်ပေါ်တိုးတက်မှုတွေ ရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု (NLD) ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောသည်။

ရခိုင်ပြည်နယ်၌ မြို့နယ်အများစုတွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သောကြောင့် ၎င်းဒေသအတွင်း နေထိုင် ကြသော ပြည်သူလူထုအနေဖြင့် မဲပေးခွင့်မရရှိခဲ့ကြဘဲ ပြည်သူ့အသံကိုယ်စားပြုနိုင်သော ရွေးကောက်ခံ ကိုယ်စားလှယ်များကို ဆုံးရှုံးခဲ့ရသကဲ့သို့ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများလည်း နစ်နာခဲ့ရကြောင်း AA မှ ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် နေရာများတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန်အတွက် ပထမဆုံး အနေဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား နိုဝင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ AA ၏ထုတ်ပြန်တောင်းဆိုချက်ကို အစိုးရအနေဖြင့် လုပ်သင့်လုပ်ထိုက်သည့် အလုပ်တစ်ခု ဖြစ်သော်လည်း အစိုးရအပေါ်တွင် များစွာမူတည်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။

“အခုလို အနေအထားမှာ ရွေးကောက်ပွဲကျင်းပဖို့အတွက် USDP က တောင်းဆိုတာရှိသလို AA ဘက်ကလည်း တောင်းဆိုလာတယ်ဆိုတော့ ဒါကိုအစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကိုလုပ်ဖို့ တောင်းဆိုမှုတွေ ဖြစ်လာတဲ့အခါမှာ အခွင့်အလမ်းတစ်ခုဖြစ်လာတယ်။ အဲဒါကို အကောင်အထည်ဖော်ဖို့တော့ လိုအပ်တယ် ပေါ့နော်၊ ဒါပေမယ့် အဓိက အစိုးရအပေါ်မှာ အများကြီးမူတည်တာပေါ့နော်” ဟု ၎င်းကပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့ကလည်း မြန်မာနိုင်ငံ၏ ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၂၇နိုင်ငံ ပါဝင်သည့် ဥရောပသမဂ္ဂ၏ သဘောထားထုတ်ပြန်ချက်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် မပါဝင်ခဲ့သော မဲဆန္ဒနယ်မြေများ၌ ကြားဖြတ်ရွေးကောက်ပွဲကို တတ်နိုင်သမျှအမြန်ဆုံး ကျင်းပရန် ဥရောပသမဂ္ဂက တိုက်တွန်းထားသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေ မရှိကြောင်း UEC မှ ထုတ်ပြန်ထားသည့်နေရာများမှာ ရခိုင်ပြည်နယ်မှ မြို့နယ်ပေါင်း ၉ မြို့နယ်နှင့် အခြား မြို့နယ် ၄ မြို့နယ်မှ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၁၃၀ အုပ်စု၊ ရှမ်းပြည်နယ်မှ မြို့နယ် ၆ မြို့နယ်နှင့် အခြားမြို့နယ် ၁၇ မြို့နယ်မှ ရပ်ကွက် ၇ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃၁ အုပ်စု၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၉၄ အုပ်စုတို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

ယင်းအပြင် ကချင်ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၂ အုပ်စု၊ ကရင်ပြည်နယ်ရှိမြို့နယ် ၆ မြို့နယ်မှ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ မွန်ပြည်နယ်ရှိ မြို့နယ် ၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁ စု၊ ပဲခူးတိုင်းမှ မြို့နယ် ၂ မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စုတို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

ဗီဒီယိုများ