ဘူးသီးတောင်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ၍ သေဆုံး

ဘူးသီးတောင်မြို့ရှိ ရန်အောင်မြေ စစ်ဘေးရှောင်စခန်း၌ ခိုလှုံနေထိုင်လျှက်ရှိသည့် အမျိုးသားတစ်ဦးသည် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းအချိန်က နေအိမ်တွင် ကြိုးဆွဲချ၍ သေဆုံးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

By ကျော်မျိုးအောင် 15 Dec 2020

ကျော်မျိုးအောင် | DMG
ဒီဇင်ဘာ ၁၅ ၊ ‌ဘူးသီးတောင်

ဘူးသီးတောင်မြို့ရှိ ရန်အောင်မြေ စစ်ဘေးရှောင်စခန်း၌ ခိုလှုံနေထိုင်လျှက်ရှိသည့် အမျိုးသားတစ်ဦးသည် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းအချိန်က နေအိမ်တွင် ကြိုးဆွဲချ၍ သေဆုံးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

“အိမ်မှာလည်း ဘာပြဿနာမှ ဖြစ်ကြတာမရှိပါဘူး။ စားဝတ်နေရေး အဆင်မပြေတာတွေရှိတယ်။ အရင်ကတော့ အပြင်ထွက်ပြီး ကြုံရာကျပန်းလုပ်တယ်။ အခု ကိုဗစ်ရောဂါကြောင့် အလုပ်တွေ ဘာမှမလုပ်နိုင်တော့ စားဝတ်နေရေးအဆင်မပြေဘူး။ ရွာကိုလည်းပြန်လို့မရဆိုတော့ စိတ်ဓါတ်ကျပြီး သူ့ဟာသူ သေကြောင်းကြံစည်သွားတယ်လို့ ထင်ပါတယ်” ဟု ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်က DMG ကိုပြောသည်။

သေဆုံးသွားသူမှာ ဦးလှသိန်း အသက် (၄၀) နှစ်ဖြစ်ပြီး အသက် (၁၅) နှစ် နှင့် (၇) နှစ်အရွယ် ယောက်ျားလေး (၂) ဦးအပြင် လသားအရွယ် မိန်းကလေးငယ် (၁) ဦးရှိကြောင်း ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်က ဆိုသည်။

၎င်းတို့မိသားစုမှာ တပ်မတော်နှင့် အေအေတို့၏ တိုက်ပွဲကြောင့် ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာမှ ရန်အောင်မြေ စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေသည်မှာ ၂ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ရန်အောင်မြေဆရာတော် ဦးအရိယာဝံသက မိန့်ကြားသည်။

“အဓိကတော့ စစ်ဘေးရှောင်အများစုက စိတ်ဓါတ်တွေကျနေကြတယ်။ အိမ်မပြန်နိုင်တာ ၂ နှစ်ကျော်လာနေပြီ။ ကိုဗစ်ကာလမှာ အလုပ်တွေကလည်း ဘာမှမလုပ်နိုင်ကြတော့ ကယ်ဆယ်ရေးကပေးတဲ့ ဆန်တစ်ခုတည်းနဲ့ စားသောက်နေထိုင်နေကြရတာ။ စားဝတ်နေရေးနဲ့ သူတို့ရဲ့ အနာဂတ်မဲ့နေသလိုမျိုး ဖြစ်နေကြတယ်” ဟု ဆရာတော်က ဆက်၍ မိန့်ကြားသည်။

ဘူးသီးတောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသည့် စစ်ဘေးဒုက္ခသည်တို့မှာ ယနေ့အချိန်ထိ နေရပ်သို့မပြန်နိုင်ကြသေးသော်လည်း စခန်းအတွင်းနေထိုင်ကာ ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေသူတို့မှာ ကိုဗစ်ကာလ၌ အခက်ခဲ့ဖြစ်သဖြင့် ယခုလို မိမိကိုယ်ကို အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ယူဆနေကြသည်။

ထိုသို့ သေဆုံးသွားသူကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ (၁၅) ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်တွင် သင်္ဂြိုလ်ပြီးပြီဟု သိရသည်။

အဆိုပါ စစ်ဘေးရှောင်စခန်း၌ လူဦးရေ တစ်ထောင်ကျော် ခိုလှုံနေထိုင်လျှက်ရှိကြောင်းနှင့် ဘူးသီးတောင်မြို့နယ် တစ်ခုလုံးမှာ စစ်ဘေးရှောင်စခန်း ၂၀ ကျော်ရှိကာ လူဦးရေ စုစုပေါင်း ၁၃၀၀၀ ကျော်ရှိရာ ယနေ့အချိန်ထိ မိမိနေရပ်သို့ မပြန်နိုင်ကြသေးပေ။

လက်ရှိအချိန်၌ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် သုံးထောင်ကျော်ခန့်မှာ မိမိနေရပ်သို့ပြန်သွားကြ၍ စစ်ဘေးရှောင်ဦးရေ တစ်သိန်းကိုးသောင်းကျော်သာ ကျန်ရှိတော့ကြောင်း REC မှ သိရသည်။

ဗီဒီယိုများ