မာန်အောင်တွင် တွက်ခြေမကိုက်သောကြောင့် ဆေးရွက်ကြီးစိုက်တောင်သူနည်းပါးလာ

ဆေးရွက်ကြီးကို အငယ်၊ အလတ်၊ အကြီးဟု သုံးမျိုးခွဲခြားရောင်းချကြပြီး ယခင်က ဆေးရွက်ကြီး အကြီးတစ်ပိဿာကို ငွေကျပ် ၁ သောင်းခွဲအထိ ဈေးရခဲ့သော်လည်း ယခုအခါမှာ ငါးပိဿာကို ငွေကျပ်သုံးသောင်းသာ ရရှိသည်ဟု တောင်သူများထံက သိရသည်။

By အောင်ကောင်းဇော် 25 Jan 2020

အောင်ကောင်းဇော် | DMG
ဇန်နဝါရီ ၂၄၊ မာန်အောင်

ကုန်ကျငွေနှင့် ရရှိငွေမကာမိသဖြင့် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ဆေးရွက်ကြီးစိုက်တောင်သူများ နည်းပါးလာသည်ကို တွေ့ရသည်။

ယခင်က တောင်သူအများစု ဆေးရွက်ကြီးစိုက်ပျိုးခဲ့ကြသော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်က စတင်ပြီး စိုက်ပျိုးသူနည်းပါးလာခြင်းဖြစ်ကာ စိုက်ပျိုးသူအနည်းငယ်သာ ကျန်ရှိတော့သည်ဟု ယခင်က ဆေးရွက်ကြီးစိုက်ပျိုးခဲ့သူ ဦးအောင်ကျော်မင်းက ပြောသည်။

“ဆေးရွက်ကြီးတစ်ရာလောက်ရရင် အရွက်တွေသိပ်ဖို့အတွက် လူခုနစ်ယောက်လောက်ငှားရတယ်။ ရေလောင်းဖို့အတွက်က သုံးယောက်လောက်ငှားရတယ်။ ဆေးရွက်ကြီးသိပ်တဲ့သူတွေကို တစ်ယောက်ကို ငါးထောင်ပေးရတယ်။ ရေလောင်းတဲ့သူတစ်ယောက်ကို ခုနစ်ထောင်ပေးရတယ်။ ပြီးရင် ထုပ်ခဘာညာက ရှိသေးတယ်။ အကုန်ပြီးစီးလို့ရောင်းပြီးလို့ သိန်းတစ်ဆယ်လောက်ရရင်တောင်မှ ကုန်တာက ခုနစ်သိန်းလောက်ကုန်နေတော့ ဘယ်လိုမှတွက်ခြေမကိုက်တော့ ဆေးရွက်ကြီးမစိုက်ကြတော့ပါ”ဟု ၎င်းကဆိုသည်။

ဆေးရွက်ကြီးကို အငယ်၊ အလတ်၊ အကြီးဟု သုံးမျိုးခွဲခြားရောင်းချကြပြီး ယခင်က ဆေးရွက်ကြီး အကြီးတစ်ပိဿာကို ငွေကျပ် ၁ သောင်းခွဲအထိ ဈေးရခဲ့သော်လည်း ယခုအခါမှာ ငါးပိဿာကို ငွေကျပ်သုံးသောင်းသာ ရရှိသည်ဟု တောင်သူများထံက သိရသည်။

“အဲ့ကျရင်တော့ တစ်သောင်းလောက်တော့ ရတယ်။ အစိုးရအနေနဲ့ ဒီဆေးရွက်ကြီးစိုက်တဲ့ လူတွေကို ကူညီပေးရင်တော့ ကျနော်တို့လည်း အဆင်ပြေတာပေါ့ဗျာ” ဟု ဆေးရွက်ကြီးစိုက်ပျိုးခဲ့ဖူးသူ ကိုထွန်းအောင်က ပြောသည်။

ဆေးရွက်ကြီးစိုက် တောင်သူများကို ကူညီပေးရန် အစီအစဉ် ရှိ၊မရှိ မာန်အောင်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး ဦးထွန်းစောကို မေးမြန်းခဲ့ရာတွင် လိုအပ်သော စိုက်ပျိုးရေးနည်းပညာများနှင့် ပိုးသတ်ဆေးများကို စီစစ်ဆောင်ရွက်ပေးရန် စီစဉ်နေသည်ဟု ပြောသည်။

ဒေသထွက် ဆေးရွက်ကြီးများကို ကျောက်ဖြူ၊ စစ်တွေ၊ သံတွဲ၊ ပေါက်တောစသည့် မြို့နယ်များသို့ တင်ပို့ရောင်းချကြသည်။

မာန်အောင်မြို့နယ်တွင် ညောင်ကုန်း၊ ဇိုင်ပင်၊ ဒေါဒန်းကုန်း၊ ဖက်ယား၊ ကန့်ကော်တော၊ ချောင်းနားစု စသည့် ကျေးရွာများတွင် ဆေးရွက်ကြီးစိုက်ပျိုးသည်။

ဗီဒီယိုများ