ရခိုင်ပြည်နယ်မှ ဒီရေတောများကို ဒိန်းမတ်အကူအညီဖြင့် ပြန်လည်ထိန်းသိမ်းမှုများလုပ်ဆောင်နေ

ရခိုင်ပြည်နယ်မှ ပြုန်းတီးစပြုနေပြီဖြစ်သော ဒီရေတောများကို ဒိန်းမတ်နိုင်ငံမှ ကူညီထောက်ပံ့ထားသည့် ကန်ဒေါ်လာ ၅ဒဿမ ၅သန်း အသုံးပြုကာ ပြန်လည်ထိမ်းသိမ်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း ရေဝေရေလဲ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

By သက်ပိုင် 05 Nov 2020

Photo - Zaya Kyaw Facebook

သက်ပိုင် | DMG
နိုဝင်ဘာ ၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်မှ ပြုန်းတီးစပြုနေပြီဖြစ်သော ဒီရေတောများကို ဒိန်းမတ်နိုင်ငံမှ ကူညီထောက်ပံ့ထားသည့် ကန်ဒေါ်လာ ၅ဒဿမ ၅သန်း အသုံးပြုကာ ပြန်လည်ထိမ်းသိမ်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း ရေဝေရေလဲ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်နှင့် မြိတ်ခရိုင်တွင် ဒိန်းမတ်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် ကမ်းရိုးတန်းဒေသများရှိ ဒီရေတောများ ပြန်လည် ထိန်းသိမ်းရေးကို ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်နေကြောင်း ရေဝေရေလဲ အုပ်ချုပ်ရေးဦးစီးဌာနဦးစီးအရာရှိ ဒေါက်တာတိုးတိုးအောင်က ပြောသည်။

“ရခိုင်ပြည်နယ်မှာဆိုရင် စစ်တွေခရိုင်နဲ့ ကျောက်ဖြူခရိုင်တွေမှာ အဓိကထားပြီးလုပ်သွားမှာပါ။ အဲ့ဒီအတွက် ဒိန်းမတ်နိုင်ငံသံရုံးကနေပြီး ဒေါ်လာ ၅ ဒဿမ ၅ သန်းကူညီပေးထားပါတယ်။ တနင်္သာရီတိုင်းအတွက်လဲ ပါတာပေါ့နော်။ ဒီအတွက်ကိုသစ်တောဦးစီးဌာနအနေနဲ့ ဆက်လက်လုပ်ဆောင်နေပါတယ် ” ဟု ၎င်းကဆိုသည်။

ဒီရေတောများ ပြန်လည်ထိန်းသိမ်းရေး စီမံကိန်းတွင် ဒီရေတောများ ပြန်လည်စိုက်ပျိုးခြင်း၊ ဒေသခံပြည်သူ အစု အဖွဲ့ပိုင် သစ်တောများတည်ထောင်ခြင်း၊ ဒီရေတောကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းခြင်း၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားမြှင့်တင်ခြင်းများပါဝင်ကြောင်း ကျောက်ဖြူခရိုင်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်လှိုင်ဝင်းက ဆိုသည်။

“ဒီစီမံကိန်းကြီးတစ်ခုလုံးပြီးသွားရင် လက်ငင်းအကျိုးကျေးဇူးအနေနဲ့ ဒီရေတောစိုက်ခင်းဧကတွေ တိုးလာမယ်။ ဒေသခံတွေရဲ့ အစုဖွဲ့ပိုင်သစ်တောတွေ များလာမယ်။ ကျေးရွာတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင် ပြီးသားဖြစ်သွားမယ်။ နောက်ပြီးသူတို့ရဲ့ လူမှုစီးပွားဘဝတွေဟာလည်း အရင်ကထက်အဆင်ပြေလာမှာပါ” ဟု သူကပြောသည်။

ထို့အပြင် ရေရှည်အကျိုးကျေးဇူးအနေဖြင့် တိုးပွားလာသော ဒီရေတောများမှ ဒေသခံများ၏ ထင်းလောင်စာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သကဲ့သို့ သားငါးပုဇွန်များပေါက်ဖွားရာဒေသဖြစ်သည့် ဒီရေတောများ တိုးပွားလာသည့်အတွက် သားငါးပုဇွန် ဖမ်းဆီးရမိမှုတိုးပွား လာစေနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ပုဇွန်ကန်များ တိုးချဲ့တည်ဆောက်လာကြခြင်း၊ ထင်းနှင့်မီးသွေးအတွက် ဒီရေတောများကို အလွန်အကျွံ ခုတ်ခြင်းတို့မှာ ရခိုင်ပြည်နယ်ရှိဒီရေတောများပြုန်းတီးရခြင်း၏အဓိကအချက်များဖြစ်ကြကြောင်း စစ်တွေမြို့မှ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်သည့် စိမ်းပြာအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ကိုမိုးကျော်က ပြောသည်။

“ဒီလိုမျိုးပြုန်းတီးမှုတွေကို ကာကွယ်ဖို့ဆိုရင် ပြန်စိုက်တာနဲ့ ရှိပြီးသားတွေကိုကာကွယ်ဖို့ နှစ်ခုပဲရှိတယ်။ ဒီအတွက် ကိုလည်း အချို့လူတွေ၊ အဖွဲ့အစည်းတွေကကြိုးစားနေကြပါတယ်” ဟု သူကဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် မီးသွေးတစ်အိတ်လျှင် ငွေကျပ် ၂၅၀၀မှ ၄၅၀၀ ထိ ပေါက်ဈေးရှိနေကြောင်း သုံးစွဲ သူများထံမှ သိရသည်။

ဒီရေတောများသည် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ကမ်းရိုးတန်းဒေသတစ်လျှောက် ၅၀၂,၉၁၁ ဟက်တာရှိပြီး ရခိုင်ကမ်းရိုးတန်းဒေသတွင် ၁၇ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းတွင် ၄၆ ရာခိုင်နှုန်းနှင့် တနင်္သာရီ တိုင်းဒေသကြီးတွင် ၃၇ ရာခိုင်နှုန်းရှိသည်။

ဒီရေတောတည်ရှိမှု အခြေအနေ၌ မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးတွင် အဆင့်(၇)ရှိနေပြီး အရှေ့တောင် အာရှတွင် တတိယနေရာ၌ရှိနေကာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဒီရေတောအားလုံး၏ ၄ ရာခိုင်နှုန်းကို မြန်မာနိုင်ငံကပိုင်ဆိုင်ထားကြောင်း ဒီရေတောထိန်းသိမ်းရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

ဗီဒီယိုများ