ကိုဗစ်နှင့်စစ်ရေးကြောင့် ရခိုင်တွင် ဒီရေပင်များစိုက်ပျိုးခြင်းလုပ်ငန်းကို မြို့နယ်အချို့တွင် မလုပ်နိုင်

ရခိုင်ပြည်နယ်အတွင်း ဒီရေပင်များစိုက်ပျိုးခြင်းလုပ်ငန်းကို ကိုဗစ်- ၁၉ ရောဂါနှင့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အချို့တွင် မလုပ်နိုင်ဖြစ်နေကြောင်း ဒီရေသစ်ပင်များ ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။

By ဉာဏ်ဟိန်း 15 Sep 2020

ဉာဏ်ဟိန်း | DMG
စက်တင်ဘာ ၁၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း ဒီရေပင်များစိုက်ပျိုးခြင်းလုပ်ငန်းကို ကိုဗစ်- ၁၉ ရောဂါနှင့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အချို့တွင် မလုပ်နိုင်ဖြစ်နေကြောင်း ဒီရေသစ်ပင်များ ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မြေပုံနှင့် ပေါက်တောမြို့နယ်တို့တွင် ဒီရေပင် တစ်သိန်းကျော်အထိ စိုက်ပျိုးရန်လျာထားသော်လည်း ပေါက်တောနှင့် မြေပုံမြို့နယ်များတို့တွင် စိုက်ပျိုးနိုင်ခြင်း မရှိကြောင်း အမ်းမြို့နယ်ဒီရေသစ်ပင်များထိန်းသိမ်းရေးအဖွဲ့မှ ဦးဆောင်သူ ကိုမျိုးလွင်က DMG သို့ပြောသည်။

“လက်ရှိမှာတော့ ကျွန်တော်တို့ (၃) မြို့နယ်မှာပဲ စိုက်ပျိုးနိုင်သေးတယ်။ မြေပုံမြို့မှာကျတော့ စစ်ရေးပဋိပက္ခ ဖြစ်နေတဲ့အတွက်ကြောင့် မစိုက်ပျိုးနိုင်သေးဘူး။ ပေါက်တောမြို့နယ်မှာကျတော့ ကိုဗစ်ရောဂါကြောင့် ကျွန်တော်တို့ စိုက်ပျိုးမယ့်နေရာတွေ သွားလာရေးတွေ အကန့်အသတ်ရှိတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်(၃)ခုတွင် ဒီရေပင် ၅ သောင်းကျော်ကို ဒီရေအတက်၊ အကျကိုမူတည်ပြီး စိုက်ပျိုးနေကြောင်းလည်း ကိုမျိုးလွင်ကရှင်းပြသည်။

“ကျွန်တော်တို့ အဓိကစိုက်တာကတော့ လင်းပိုက်ပင်နဲ့ သစ်တလုံးပင်ကို စိုက်ပါတယ်။ ဒီရေအတက်အကျကို မူတည်ပြီးတော့ စိုက်ရတဲ့အတွက်ကြောင့် အခက်အခဲတော့ ရှိပါတယ်။ အခုတော့ ပျိုးပင် ၅ သောင်းကျော် စိုက်ပျိုးပြီးပါပြီ” ဟု ၎င်းကဆိုသည်။

ဒီရေတောများကို တစ်နိုင်ငံလုံးတွင် ငါးနှစ်တစ်ကြိမ် စာရင်းကောက်ယူလျှက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကောက်ယူခဲ့သည့်စာရင်းအရ ရခိုင်ပြည်နယ်တွင် ဒီရေတောဧကစုစုပေါင်း ၃၉၅,၇၂၆ ဧကရှိကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မျိုးလှိုင်က ပြီးခဲ့သည့် ဇူလိုင်လအတွင်း DMG ကို ဖြေဆိုထားသည်။

ယင်းအထဲ၌ မောင်တောခရိုင်တွင် ၅၃၂၀ ဧက၊ စစ်တွေခရိုင်တွင် ၇၄၆၀ ဧက၊ မြောက်ဦးခရိုင်တွင် ၁၄၈၂၆၈ ဧက၊ ကျောက်ဖြူခရိုင်တွင် ၈၃၆၆၀ ဧကနှင့် သံတွဲခရိုင်တွင် ၈၃၈၇၆ ဧကရှိကြောင်း သိရသည်။

လက်ရှိအနေအထားတွင် ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းပြီး ပုစွန်မွေးမြူရေး၊ ငါးမွေးမြူရေးကန်များ၊ ဆည်လုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိသဖြင့် ရေနေသတ္တဝါများ မှီခိုကျက်စားပေါက်ဖွားရာ၊ ငါးနေထိုင်ရာများ ပျက်စီးဆုံးရှုံးမှု များပြားလာနေကြောင်း ဒီရေတောထိန်းသိမ်းရေး ဆောင်ရွက်နေသူများက ဆိုကြသည်။

ဗီဒီယိုများ