ကိုဗစ်ကြောင့် စစ်တွေမြို့မဈေးကို အချိန်ကန့်သတ်ဖွင့်လှစ်ရန်စီစဉ်နေ

ရခိုင်ပြည်နယ်ရှိမြို့နယ်တချို့တွင် ဈေးများကို ယာယီပိတ်ခြင်းများရှိသည့်အတွက် စစ်တွေမြို့တွင်လည်း ဈေးပိတ်၊ မပိတ်ကို မြို့နယ်စည်ပင်က ဈေးကော်မတီကို ညွှန်ကြားလာသည့်အတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး အချိန်လျှော့ချဖွင့်လှစ်ရန်အတွက် ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်ဟု စစ်တွေမြို့မဈေးအကျိုးဆောင် အတွင်းရေးမှူး ကိုစိုးနိုင်က DMG ကိုပြောသည်။

16 Jul 2021

DMG ၊ ဇူလိုင် ၁၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြို့မဈေးကို အချိန်အကန့်အသတ်နှင့် ဖွင့်လှစ်နိုင်ရန်စီစဉ်နေကြောင်း ဈေးအကျိုးဆောင်အဖွဲ့မှ သိရသည်။

ရခိုင်ပြည်နယ်ရှိမြို့နယ်တချို့တွင် ဈေးများကို ယာယီပိတ်ခြင်းများရှိသည့်အတွက် စစ်တွေမြို့တွင်လည်း ဈေးပိတ်၊ မပိတ်ကို မြို့နယ်စည်ပင်က ဈေးကော်မတီကို ညွှန်ကြားလာသည့်အတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး အချိန်လျှော့ချဖွင့်လှစ်ရန်အတွက် ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်ဟု စစ်တွေမြို့မဈေးအကျိုးဆောင် အတွင်းရေးမှူး ကိုစိုးနိုင်က DMG ကိုပြောသည်။

“ကျနော်တို့စည်ပင်နဲ့ ဈေးကော်မတီတို့ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီးထွက်လာတာဖြစ်တယ်။ မြို့နယ်စည်ပင်ကနေ တနင်္လာနေ့ကနေစတင်ပြီး ဖွင့်လှစ်သွားဖို့အတွက် ပြည်နယ်စည်ပင်ဆီသို့ စာတင်လိုက်မယ်လို့ပြောတယ်။ ဒီနေ့မှစာတင်လိုက်တာ ညနေဖက်မှအတည်ပြုချက်ကိုသိရမယ်” ဟု ကိုစိုးနိုင်က ပြောသည်။

အဆိုပါဈေးကို ၁၉ ရက်နေ့မှစတင်ပြီး နံနက် ၇ နာရီမှ မွန်းလွဲပိုင်း ၁ နာရီအထိ ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး ၂ ပတ်ကြာ လုပ်ဆောင်ထားရန် ခန့်မှန်းထားသည်ဟုလည်းသိရသည်။

“အဲဒီလို အချိန်အကန့်အသတ်လုပ်တယ်ဆိုတာက လူစုလူဝေးဖြစ်တဲ့နေရာတွေကို အချိန်လျော့ချလိုက်တဲ့သဘောပါ။ ဈေးဆိုတာကလည်း လူစုလူဝေးဖြစ်ပွားတဲ့နေရာဖြစ်တယ်။ မြို့နယ်စည်ပင်က ဈေးကော်မတီကို အကြံပြုချက်တောင်းလာတဲ့အတွက် ကျနော်တို့ကဈေးကို လုံးဝပိတ်လိုက်တယ်ဆိုတဲ့အရာမျိုးကိုမလုပ်ပဲ အချိန်အကန့်အသတ်နဲ့ ဖွင့်လှစ်နိုင်ဖို့လျှော့ချလိုက်တာဖြစ်ပါတယ်” ဟု ကိုစိုးနိုင်က ပြောသည်။

ဈေးအတွင်းရှိ ရောင်းချနေသူများကို တရားဝင်အတည်ပြုချက် မရရှိသေးအတွက် ကြေငြာခြင်းများမရှိသေးကြောင်းလည်း သိရသည်။

လာမည့် ၁၉ ရက်နေ့မှစတင်ကာ စစ်တွေမြို့မဈေးကို နံနက် ၇ နာရီမှ မွန်းလွဲပိုင်း ၁ နာရီထိ အချိန်အကန့်အသတ်ဖြင့်ဖွင့်လှစ်ခြင်းပြုလုပ်မည်မှာ မှန်ကန်ကြောင်း ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက DMG ကို ပြောသည်။  

ဈေးရောင်းသူများနှင့် ဈေးဝယ်ယူသူများကို Covid-19 ကြောင့်လူစုလူဝေးမဖြစ်ရအောင် အချိန်အားဖြင့်ကန့်သတ်လိုက်သော်လည်း တစ်ဖက်တွင် ဈေးဖွင့်ချိန်တစ်ခဏအတွင်း ဈေးလာရောက်ဝယ်ယူသူများမှာ များပြား လာမှာဖြစ်သည့်အတွက် ဈေးဝင်ပေါက်နှင့်ဈေးထွက်ပေါက်ကို စနစ်တကျကြပ်မတ်ရန်လိုအပ်သည်ဟုအရပ် ဖက်အဖွဲ့အစည်းများက တိုက်တွန်းလိုက်သည်။

“ဈေးဝယ်လာသူတွေကို ဝင်ပေါက်သက်သက် ထွက်ပေါက်သက်သက် ပေးထားရမှာဖြစ်တယ်။ ဈေးဝယ်သူ တွေကတော့ များလာနိုင်တယ်။ သို့သော်ဖြစ်နိုင်ခြေရှိတာက ဈေးဝယ်ကတ်တွေပေးထားမှာလားပေါ့နော်။ ဈေးဝင်ပေါက်တစ်ခုတည်းက လူ (၅၀၀) သွင်းပြီးဆိုရင် ဈေးထွက်ပေါက်ကနေပြီး လူဘယ်နှစ်ယောက်ထွက် သွားပြီးလည်း ဆိုတာကိုမှတ်ထားဖို့လိုမယ်။ လူအယောက်(၅၀၀) သွင်းလိုက်တဲ့အထဲက လူ (၂၅၀) ထွက် သွားမယ်။ အဲဒါကို ထိန်းချုပ်နိုင်မယ်ဆိုတော့ နောက်ထပ်လူအယောက် (၂၅၀) ထပ်သွင်းလို့ရတယ်။ ဝင်ပေါက် နဲ့ထွက်ပေါက်က အဲဒီလိုမျိုး စီမံနိုင်မယ်ဆိုရင် ဈေးမှာလိုအပ်တာထက် လူတွေပိုမများတဲ့ ပုံစံမျိုးဖြစ်သွားမယ်” ဟု ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက DMG ကိုပြောသည်။

ရခိုင်ပြည်နယ်တွင် Covid-19 တတိယလှိုင်းတွင် ယနေ့ဇူလိုင် ၁၆ ရက်နေ့အထိ ရောဂါပိုးကူးစက်ခံရသည့်လူနာ စုစုပေါင်း ၁၁၅၁ ဦးအထိရှိလာပြီး သေဆုံးသူ ၂၉ ဦးအထိရှိလာနေသည်ဟု သိရသည်။

ဗီဒီယိုများ