တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရ၏ ကိုင်တွယ်ဖြေရှင်းတတ်မှုသည် ဒီမိုကရေစီအတွက် အရေးကြီးကြောင်းဆို

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုတို့ကို ရှောင်းရှားကြစေရန် ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သည့်အစီအမံများ ဆောင်ရွက်ပေးရေးအဆိုကို စက်တင်ဘာလ ၂၄ ရက်နေ့က ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့သည်။

By ခိုင်ရိုးလ 25 Sep 2019

ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း

ခိုင်ရိုးလ | DMG
စက်တင်ဘာ ၂၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုတို့ကို ရှောင်းရှားကြစေရန် ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သည့်အစီအမံများ ဆောင်ရွက်ပေးရေးအဆိုကို စက်တင်ဘာလ ၂၄ ရက်နေ့က ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့သည်။

တိုက်ပွဲအကျိုးဆက်ကြောင့် ရခိုင်ပြည်နယ်အတွင်းမှ အရပ်သား ၈၀ ကျော်ခန့်သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူဦးရေမှာ ၁၃၀ ကျော်အထိရှိကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ထိုကဲ့သို့ သေဆုံးဒဏ်ရာရရှိခဲ့သူများမှာ တိုက်ပွဲဖြစ်ပွားရာနေရာတွင် ထိခိုက်ခြင်းမဟုတ်ဘဲ မိမိနေအိမ်အတွင်း နေထိုင်ရင်း ထိခိုက်သေဆုံးနေရခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

ယခုကဲ့သို့ အရပ်သားများ ထိခိုက်သေဆုံးနေမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရ၏ ကိုယ်တွင်ဖြေရှင်းတတ်မှုသည် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအတွက် အရေးကြီးကြောင်း အဆိုရှင်ဖြစ်သည့် ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

“ဒီမိုကရေစီဆိုတာနဲ့ လူသားချင်းစာနာမှု၊ တရားမျှတမှု၊ သာတူညီမျှမှု တွဲကပ်ပါလာပါတယ်။ အုပ်ချုပ်သူ အစိုးရတစ်ရပ်ဟာ အခွန်ထမ်းပြည်သူတွေနဲ့ ၎င်းတို့ရဲ့အကျိုးစီးပွားကို အကာအကွယ်ပေးရမယ့် ဝတ္တရားရှိတယ်” ဟု ၎င်းကဆိုသည်။

တစ်ဖက်တွင်လည်း တိုက်ပွဲဖြစ်ပွားသည့်ဒေသအတွင်း အရပ်သားပြည်သူများမှာ လက်နက်ကိုင်များနှင့် သွယ်ဝိုက်ဆက်စပ်နေသည်ဟု သံသယဖြစ်ခံနေရကြောင်းလည်း ဦးထွန်းအောင်သိန်းက ပြောသည်။

“လက်နက်ကိုင်တွေဟာ နိုင်ငံရဲ့ အရပ်သားပြည်သူတွေကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ပြည်သူမရှိက လက်နက်ကိုင်လည်း မရှိနိုင်ဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များကို လူမျိုးတုန်းသတ်ဖြတ်မှုများရှိသည်ဆိုပြီး နိုင်ငံတကာမှ စွပ်စွဲထားသည့် ဖိအားများနှင့် ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများရှိနေခြင်းသည် လွန်စွာသတိထားရမည့်အချိန် ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ဦးထွန်းအောင်သိန်းက ပြောဆိုခဲ့သည်။

ဦးထွန်းအောင်သိန်းတင်သွင်းခဲ့သည့် အဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိခဲ့သဖြင့် ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ