တောင်ကုတ်က အ.ထ.က (ခွဲ) ကျောင်းဆောင်တွင် မျက်နှာကြက်ပြိုကျ၍ ဆရာမတစ်ဦး ဦးခေါင်းဒဏ်ရာရ

တောင်ကုတ်မြို့နယ်၊ တဲမောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် မနေ့က ဇွန်လ ၇ ရက်နေ့က မျက်နှာကြက်ပြိုကျမှုကြောင့် အလယ်တန်းပြဆရာမတစ်ဦး ဦးခေါင်းဒဏ်ရာရရှိသွားသည်ဟု သိရသည်။

08 Jun 2022

( ဦးခေါင်းဒဏ်ရာရရှိသွားသည့် ဆရာမ ဒေါ်ခင်မေဇော် ဆေးကုသမှုခံယူနေစဉ်။ ဓာတ်ပုံ - May Zaw)

DMG ၊ ဇွန် ၈

တောင်ကုတ်မြို့နယ်၊ တဲမောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် မနေ့က ဇွန်လ ၇ ရက်နေ့က မျက်နှာကြက်ပြိုကျမှုကြောင့် အလယ်တန်းပြဆရာမတစ်ဦး ဦးခေါင်းဒဏ်ရာရရှိသွားသည်ဟု သိရသည်။

ဆရာမ ဒေါ်ခင်မေဇော်မှာ အတန်းချိန်ပြီး၍ ဆရာ၊ ဆရာမ နားနေဆောင်တွင် ထိုင်နေစဉ် ထိုသို့ပြိုကျလာခြင်းဖြစ်ပြီး ဦးခေါင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိသွားကာ တောင်ကုတ်ပြည်သူ့ဆေးရုံကြီးတွင် ငါးချက်ချုပ်ထားရပြီး ဓာတ်မှန် ရိုက်ကူးထားသည်ဟု ၎င်းထံက သိရသည်။

" ငါးမိနစ်တောင်မထိုင်လိုက်ရပါဘူး။ အပေါ်က တခါတည်း ပြိုကျလာတာ။ မပြိုခင် ကျွတ်ကျွတ် ဆိုတဲ့ အသံလေး တောင်မကြားလိုက်ရဘဲ တခါတည်းဝုန်းခနဲဆိုပြီး ပြိုကျလာတာ။ ကျောက်ပြားတွေဆိုရင် ကျမခေါင်းနဲ့ ကျောကုန်းကိုကျလာပြီးမှ ပိုင်းထွက်သွားတာ။ အင်္ကျီတွေတောင် အကုန်လုံးပြဲထွက်သွားတယ် " ဟု ဒေါ်ခင်မေဇော်က ဆိုသည်။

ဓာတ်မှန်အဖြေ ရလာဒ်အရ ကျိုးပဲ့သွားခြင်းမျိုးမရှိသော်လည်း နေအိမ်တွင် အနားယူကာ စောင့်ကြည့်ခိုင်းထားပြီး မသက်သာလျှင် ဆေးရုံတက်ရမည်ဟု ဆရာဝန်ကြီးက ပြောဆိုလိုက်ကြောင်း ဆရာမ၏ ညီမ မခင်ဇာနေလင်းက ပြောသည်။

လက်ရှိတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ ဘေးကင်းလုံခြုံရေးအတွက် ကျောင်းဆောင်၏ မျက်နှာကြက်များ အားလုံးကို ဖြိုချကာအသစ်ပြုပြင်ရန် လိုအပ်ကြောင်း တဲမောက်ကျေးရွာ ရာအိမ်မှူး ဦးထွန်းဝင်းကပြောသည်။

"ဆောက်တဲ့သူတွေကပဲ လုပ်တာမသေချာလို့လား၊ ကျောက်ပြားရဲ့အရည်အသွေးကပဲ ညံ့လို့လားဆိုတာတော့ မပြောတတ်ဘူး။ ဒါပေမဲ့ဒီတိုင်းထားလို့တော့မရဘူး။ အကုန်လုံးဒုက္ခရောက်ကုန်တော့မယ်။ လူကြားလို့လည်းမကောင်းဘူး" ဟု ၎င်းကပြောသည်။

ကျောင်းဆောင်ပြုပြင်နိုင်ရေးနှင့်ပတ်သက်၍ မြို့နယ်အဆင့်သို့ ယမန်နေ့ကပင် စာတင်ထားပြီဖြစ်ကြောင်း ကျောင်းအုပ်ကြီး ဒေါ်တင်တင်ရီက ဆိုသည်။

"အခုလိုဖြစ်သွားတာတော့ စိတ်မကောင်းစရာပါ။ နောက်ဒီလိုထပ်ဖြစ်မှာကို စိုးရိမ်ရတယ်။ ဒါကြောင့် ကျောင်းဆောင်ပြုပြင်ဖို့အတွက် မနေ့ကတည်းက မြို့နယ်ကိုအကြောင်းကြားစာတင်လိုက်တယ်" ဟု ပြောသည်။

ယင်းနောက် ယနေ့ နံနက်ပိုင်းတွင် မျက်နှာကြက်ပြိုကျသည့်နေရာသို့ မြို့နယ်ပညာရေးမှူး ကိုယ်တိုင်လာရောက်ကြည့်ရှုခဲ့ပြီး ကျေးရွာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများအား အစည်းအဝေးခေါ်ယူကာ ပြုပြင်မည်ဟု ကတိပေးခဲ့ကြောင်း ရာအိမ်မှူး ဦးထွန်းဝင်းက ပြောသည်။

“အစည်းအဝေး ဆုံးဖြတ်ချက်ချက်အရတော့ မျက်နှာကြက်တွေအကုန်လုံးကိုပြုပြင်ဖို့အတွက် ကျောင်းကို ယာယီနှစ်ရက်ပိတ်မယ်။ နောက်အပတ် ကျောင်းစတက်တဲ့နေ့မှာ အကုန်လုံးဘေးကင်းကင်းနဲ့တက်နိုင်ဖို့အတွက် အပြီးစီးလုပ်မယ်လို့တော့ အစည်းအဝေးဆုံးဖြတ်ချက်ရလိုက်တယ်။ ဖြစ်နိုင်ရင် မနက်ဖန်ကစပြီး လုပ်သွားမှာပါ" ဟု သူက ပြောသည်။

အဆိုပါ မျက်နှာကြက်ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းကျောင်းတွင် အထက်တန်း ပြဆရာမ ၂ ဦး၊ အလယ်တန်းပြဆရာ/ဆရာမ ၈ ဦး၊ မူလတန်းပြဆရာ/ဆရာမ ၄ ဦးနှင့် ကျောင်းသူ/ ကျောင်းသားစုစုပေါင်း ၂၀၁ ဦး ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ