တိုက်ပွဲကြောင့်ထွက်ပြေးလာသည့် မင်းပြားဒေသခံများကို တပ်မတော်မှတားဆီးနေကြောင်း သက်ဆိုင်သူများ ပြောသော်လည်း တပ်မတော်ဘက်မှ မဟုတ်ကြောင်းငြင်းဆန်

“ဘာမှ မတားမြစ်ဘူး။ အဲဒီလက်ခုပ်တို့ ဒီဘက်စိတ္တရတို့ အဲဒီရွာတွေက အစကတည်းက AA နဲ့ ဆက်စပ်နေတဲ့ ကျေးရွာတွေ။ ရွာထဲမှာ လူမရှိတော့ဘူး။ သလူချောင်းတို့ဘာတို့ဆိုတာကြာပြီ။ ကျွန်တော်တို့တပ်က ဘာမှ လုပ်တာမရှိဘူး။ တပ်က မင်းဖူးတောင်ရဲ့ အရှေ့ဘက်တောင်ကြောမှာ နယ်မြေရှင်းလင်းရေးလုပ်နေတာ ”

07 Aug 2019

ခိုင်ရိုးလ | DMG

သြဂုတ် ၆ ၊ မင်းပြား

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖုံသာချောင်းအတွင်းတောင်တန်းများတွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် မင်းပြားမြို့ဘက်သို့ ကြောက်လန့်ထွက်ပြေးလာသည့် အနီးပတ်ဝန်းကျင် ကျေးရွာ ၁၄ ရွာမှ ဒေသခံများကို တပ်မတော်သားများမှ သွားခွင့်မပေးပဲ မိမိနေရပ်သို့ပြန်ခိုင်းနေကြောင်း သိရသည်။

ကျေးရွာ ၁၄ ရွာမှာ ဒေသခံများမှာ ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲ များကြောင့် မင်းပြားမြို့နှင့်နီးကပ်သည့်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လာကြစဉ် လက်ခုတ်ကျေးရွာ အရောက်တွင် တပ်မတော်သားများမှ သွားခွင့်မပေးပဲ ပြန်လည့်ခိုင်းခြင်းကိုခံနေရကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

“ဖုံသားချောင်းအဝိုက်က ကျေးရွာ ၁၄ ရွာ ၁၅ ရွာကလူတွေက တိုက်ပွဲဖြစ်ပွားရာကြားထဲမှာ ကျရောက်နေတဲ့ အတွက် ဒေသခံတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်လာတာကို လက်ခုပ်ရွာနားက စစ်တပ်က အောက်ကိုဆင်းခွင့်မပေးဘဲ ပြန်လွှတ်နေတယ်” ဟု ဦးလှသိန်းအောင်ကပြောသည်။

ထိုသို့ ပြန်လွှတ်ခံရသည့်ကျေးရွာသားများမှာ စေတီရံ၊ ငတက်၊ ကျော်မော်၊ ဖုံသာပုလဲတောင်၊ အိုပုံတောင်၊ ပြိုင်းချောင်း၊ ငန်းတက်၊ ခွဆုံ၊ နတ်မော်၊ မောင်ပုတ်ကေ၊ ညောင်ခြုံ၊ ကျောက်ဆုံ၊ စိတ္တရ၊ လက်ခုတ် ကျေးရွာများမှ ဖြစ်ကြောင်း သိရသည်။

တပ်မတောသားများအနေဖြင့် ယခုကဲ့သို့ တားမြစ်မှုများမရှိကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက DMG ကို ပြောသည်။

“ဘာမှ မတားမြစ်ဘူး။ အဲဒီလက်ခုပ်တို့ ဒီဘက်စိတ္တရတို့ အဲဒီရွာတွေက အစကတည်းက AA နဲ့ ဆက်စပ်နေတဲ့ ကျေးရွာတွေ။ ရွာထဲမှာ လူမရှိတော့ဘူး။ သလူချောင်းတို့ဘာတို့ဆိုတာကြာပြီ။ ကျွန်တော်တို့တပ်က ဘာမှ လုပ်တာမရှိဘူး။ တပ်က မင်းဖူးတောင်ရဲ့ အရှေ့ဘက်တောင်ကြောမှာ နယ်မြေရှင်းလင်းရေးလုပ်နေတာ ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

တပ်မတော်မှ ပြန်လွှတ်ခဲ့သည့် ကျေးရွာ ၁၄ ရွာမှ ဒေသခံများမှာ တိုက်ပွဲကြားတွင် ပိတ်မိနေကြပြီး ၎င်းတို့အား သြဂုတ်လ ၅ ရက်နေ့တွင် ကူညီကယ်ထုတ်ရန်သွားရောက်ခဲ့သည့် မင်းပြားလူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ ကိုလည်း လက်ခုပ်ကျေးရွာအရောက်တွင် တပ်မတော်သားများမှာ သွားခွင့်မပေးသဖြင့် ပြန်လှည့်ခဲ့ရကြောင်း သိရသည်။

“ချောင်ပိတ်နေတဲ့ ပြည်သူတွေကို ဘုန်းကြီးက စက်လှေနဲ့ ဒီကိုယူလာမယ်လို့ပြောတော့ တပ်မတော်ဘက်က ပြောတာက ဘုန်းကြီးကိုသွားခွင့်ပေးတယ်။ လူတွေကို ကယ်ထုတ်လာလို့မရဘူးလို့ပြောတယ်။ ဘာကြောင့် မယူရတာလဲမေးတော့ အထက်အမိန့်ပါတယ်တဲ့ အဲလောက်ပဲပြောတယ်။ ဘာမှဖြေရှင်းချက်မပေးဘူး ” ဟု မင်းပြားမြို့နယ် ဗလိပေါက်ဆရာတော်က မိန့်သည်။

မင်းပြားမြို့နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကျေးရွာ ၃၀ ကျော်မှ ဒေသခံ ၅၀၀၀ ခန့်မှာ မင်းပြားမြို့ပေါ်နှင့် နီးစပ်သည့်ကျေးရွာများတွင် ခိုလှုံနေကြရကြောင်း သိရသည်။

ဗီဒီယိုများ