(၈)ကြိမ်မြောက် တန်းခိုးဆရာထွန်းစာပေဆုပေးပွဲကို ဧပြီလတွင်ကျင်းပမည်

(၈)ကြိမ်မြောက် တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ပွဲကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေးရွာ၌ လာမည့်ဧပြီလ ၉ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

17 Mar 2022

၂၀၂၁ ခုနှစ်က ကျင်းပခဲ့သော တန်းခိုးဆရာထွန်းစာပေဆုပေးပွဲအား တွေ့ရစဉ်။

DMG ၊ မတ် ၁၇

(၈)ကြိမ်မြောက် တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ပွဲကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေးရွာ၌ လာမည့်ဧပြီလ ၉ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါစာပေဆုချီးမြှင့်ပွဲကို တန်းခိုးဆရာထွန်းအားဂုဏ်ပြုခြင်းနှင့် ရခိုင်ပြည်အတွင်း ထူးချွန်ထက်မြတ်သည့် စာရေးဆရာများပေါ်ပေါက်စေရေး ရည်ရွယ်ချက်ဖြင့်ကျင်းပခြင်းဖြစ်ကြောင်း စာပေဆုချီးမြှင့်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး စာရေးဆရာ လွမ်းပြေအောင်(စစ်တွေ)ကပြောသည်။

“ရခိုင်ပြည်တစ်ရပ်ရပ်မှာ အခုလိုပွဲမျိုးကျင်းပတယ်ဆိုတာကို ရခိုင်တစ်ပြည်နယ်လုံးနဲ့ ဖြစ်နိုင်ရင်တစ်ကမ္ဘာလုံးက သိရှိအောင်အတွက်ကြောင့် ရခိုင်လူမျိုး၏ဂုဏ်ကျက်သရေကိုလည်း တိုးတက်မြှင့်တင်ပေးစေချင်တဲ့ ရည်ရွယ်ချက်တွေကြောင့် တန်းခိုးဆရာထွန်း စာပေဆုချီးမြှင့်ပွဲကို ကျင်းပရတာဖြစ်တယ်”ဟု စာရေးဆရာ လွမ်းပြေအောင်(စစ်တွေ)က ပြောသည်။

တန်ခိုးဆရာထွန်း စာပေဆုချီးမြှင့်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှ စာရေးဆရာပြိုင်ပွဲဝင်များ ယှဉ်ပြိုင်ကြပြီး တစ်သက်တာစာပေဆု၊ ဂီတစာဆိုဆု၊ ကဗျာဆု၊ ဝတ္ထုဆု၊ ဆောင်းပါးဆု၊ ကလေးကဗျာဆုတို့ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

တန်ခိုးဆရာထွန်းသည် ဗြိတိသျှအစိုးရလက်ထက်က ရခိုင်ပြည်တွင်ထင်ရှားသော ရခိုင်သာခြင်းစာဆိုရှင်တစ်ဦး ဖြစ်သလို ဝတ္ထု၊ ပြဇာတ်များအပါအဝင် စာအုပ်ပေါင်း ၆၀ ကျော်ကို ရေးသားခဲ့သူဖြစ်ကာ အသက် ၇၀ နှစ်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

တန်းခိုးဆရာထွန်းစာပေဆုသည် ရခိုင်ပြည်နယ်အတွင်း နာမည်ကြီးသည့် တစ်ခုတည်းသောစာပေဆု အမျိုးအစားဖြစ်ပြီး ဆုချီးမြှင့်ပွဲကို နှစ်စဉ်ကျင်းပြခြင်းနှင့် ဆရာထွန်းအားဂုဏ်ပြုခြင်းမှာ သင့်တော်သည့် လုပ်ငန်းတစ်ခုဟု ရခိုင်စာရေးဆရာတို့ကရှုမြင်ကြသည်။

“ရခိုင်စာပေဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ရင်တော့ လုပ်စရာတွေ အများကြီးထဲက တန်းခိုးဆရာထွန်းဟာ အင်္ဂလိပ်လက်ထက် ရခိုင်ဂန္တာဝင်သာခြင်းစာဆိုရှင်ဖြစ်တယ်။ အခုလိုသာခြင်းစာဆိုကြီး တစ်ဦးကို ပုဂ္ဂလိကအနေအထားနဲ့ဖြစ်စေ။ သူ၏စာပေဂုဏ်ဒြပ်ကိုဖော်ထုတ်ပြီး ချီးမြှင့်နေတာဟာ ရခိုင်စာပေအတွက် လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တစ်ခုလို့မြင်ပါတယ်”ဟု ပေါက်တောမြို့နယ်မှ စာရေးဆရာ ခိုင်မင်းစောက DMG ကိုပြောသည်။

တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲကို ၂၀၁၁ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၂၀၁၅ ခုနှစ်တွင် တတိယအကြိမ်၊ ၂၀၁၆ ခုနှစ်တွင် စတုတ္တအကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ပဉ္စမအကြိမ်၊ ၂၀၁၈ ခုနှစ်တွင် ဆဌမအကြိမ်၊ ၂၀၂၁ ခုနှစ်တွင် သတ္တမအကြိမ်ကျင်းပခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က တန်းခိုးဆရာထွန်းစာပေဆုချီးမြှင့်ပွဲတွင် တသက်တာစာပေဆုကို စာရေးဆရာ အနောက်သား(စစ်တွေ)၊ ဂီတစာဆိုဆုကို ရခိုင်အဆိုတော်ဝင်းကိုခိုင်၊ ဆောင်းပါးဆုကို စာရေးဆရာ ရိုးနွယ်(ကျောက်ဖြူ)၊ ဝတ္ထုဆုကို စာရေးဆရာမ မေလှိုင်းဖြူ၊ ကဗျာဆုကို ကဗျာဆရာဥက္ကာမင်းညို၊ ကလေးကဗျာဆုကို ကဗျာဆရာဈန်ဟိန်း(မြောင်းဘွေ)မှလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။

ဗီဒီယိုများ