စစ်တွေမြို့နယ်၊ တောကန်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို မြန်မာစစ်တပ်ကစစ်ဆေးမှုကြောင့် ဒေသခံများစိုးရိမ်နေ

စစ်တွေမြို့နယ်၊ တောကန်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်က ရဲတပ်ဖွဲ့ဝင်လေးဦးနှင့် စစ်တပ်အင်အား ၂၀ ဦးခန့်တို့က စစ်ဆေးမှုပြုလုပ်ခဲ့သောကြောင့် ဒေသခံရွာသားများမှာ စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

11 Apr 2022

DMG ၊ ဧပြီ ၁၁

စစ်တွေမြို့နယ်၊ တောကန်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်က ရဲတပ်ဖွဲ့ဝင်လေးဦးနှင့် စစ်တပ်အင်အား ၂၀ ဦးခန့်တို့က စစ်ဆေးမှုပြုလုပ်ခဲ့သောကြောင့် ဒေသခံရွာသားများမှာ စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

တောကန်ကျေးရွာရှိ ဒေသခံတစ်ဦး၏နေအိမ်ကို တပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ကြောင်း၊ သို့သော် အိမ်ပိုင်ရှင်ကို နေအိမ်တွင်မတွေ့ရှိခဲ့သောကြောင့် အိမ်ပတ်ဝန်းကျင်ကို ဓာတ်ပုံရိုက်ယူသွားကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

“အိမ်တစ်အိမ်ကိုဝင်ပြီး စစ်ဆေးခဲ့တယ်။ အိမ်မှာလည်းလူမရှိတော့ အိမ်ပေါ်ကိုတက်ပြီးရှာတယ်။ အိမ်ကိုဓာတ်ပုံရိုက်တယ်။  အိမ်အောက်မှာရှိတဲ့ဆိုင်ကယ်တွေကို ဓာတ်ပုံရိုက်တယ်။ ရွာကလူတွေကလည်း သင်္ကြန်ကာလမှာ သူတို့လာတော့ကြောက်နေကြတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် မြန်မာစစ်တပ်၏တပ်ဖွဲ့ဝင်များသည် ဝါဘိုနှင့် တောကန်ကူးတို့ဆိပ်တွင် တပ်စွဲနေထိုင်နေကြပြီး အထက်မှအမိန့်မရရှိသေးသောကြောင့် အဆိုပါနေရာမှမပြန်ရသေးဟု တုန့်ပြန်ထားကြောင်း တောကန်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ကပြောသည်။

“ရွာကိုဘာကြောင့်လာရတယ်ဆိုတော့ မပြောဘူး။ အထက်ကအမိန့်မရသေးတော့ သူတို့လည်း ဘယ်အချိန်ပြန်ရမလဲ မသိဘူးပြောတယ်။ သူတို့အခုတော့ ရွာကူးတို့ဆိပ်က ဆောက်လုပ်ရေးအဆောင်မှာနေတယ်။ ရွာကိုတော့ အဝင်အထွက်တော့ရှိတယ်။ သူတို့တော့ အန္တရာယ်မပြုဘူး”ဟု ၎င်းကဆိုသည်။

သို့သော်လည်း တောကန်ဒေသခံအများစုမှာ စစ်တပ်က ကျေးရွာသို့ရောက်ရှိလာသောကြောင့် စိုးရိမ်ကြောက်လန့်၍ အနီးပတ်ဝန်းကျင်ရှိကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ လက်ရှိတွင် ဒေသခံများမှာ မိမိကျေးရွာသို့ပြန်လည်ရောက်ရှိနေကြပြီဟု အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောသည်။

အလားတူ ယမန်နေ့(ဧပြီလ ၁၀ ရက်နေ့) ညနေ ၅ နာရီခန့်တွင် စစ်တွေမြို့တွင်းတွင်လည်း စစ်တပ်အင်အားအများအပြားချထားပြီး လမ်းသွားလမ်းလာများကိုစစ်ဆေးမှုရှိခဲ့သည်။ မီးစက်ကြီးခွဆုံအနီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် လမ်းသွား ၊လမ်းလာဒေသခံများ၏ ဆိုင်ကယ်ဘောက်များကို စစ်ဆေးမှုရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။

“လွန်ခဲ့တဲ့ နှစ်တွေကလည်းရခိုင်ကသူတွေ တိုက်ပွဲ ဒဏ်၊ ကိုဗစ်ဒဏ်တွေ ကြောင့်တစ်ပြည်နယ်လုံးနီးပါး မပျော်ခဲ့ရဘူး၊ ဒီနှစ်တော့ တိုက်ပွဲတွေလည်းရပ်တန့်နေတယ်၊ ကိုဗစ်တွေလည်း မရှိတော့  ရခိုင်သားတွေ အားလုံးတစ်စုတစ်စည်း (သြက်န်မှာ) ပျော်မယ်ဆိုပြီး လုပ်နေတဲ့ အခါ သူတို့ကအခုလိုစစ်ဆေးနေတော့ စိတ်အနှောင့်အယှက် ဖြစ်စေတယ်”ဟု စစ်တွေဒေသခံ ကိုညီနိုင်က ဆိုသည်။

ယခုကဲ့သို့စစ်ဆေးနေမှုများအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ရခိုင်ပြည်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စများကို စစ်ကောင်စီဘက်မှ အနှောက်အယှက်ပေးလာနေသောကြောင့် သည်းမခံနိုင်သည့်အနေအထားရှိလာလျှင် တိုက်ပွဲဆက်တိုက်ဖြစ်လာနိုင်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဧပြီလ ၅ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။

ဗီဒီယိုများ